Skip to main content

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို ချမ်းအေးသာစံနှင့်အောင်မြေသာစံ မြို့နယ်များရှိ ကျောင်းများဖွင့်လှစ်နိုင်ရန် ပြင်ဆင်ထားရှိမှု ကြည့်ရှုစစ်ဆေး

 

မန္တလေး အောက်တိုဘာ ၃၁

 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ချမ်းအေးသာစံနှင့် အောင်မြေသာစံမြို့နယ်ရှိ အ.ထ.က(၅)၊ အ.လ.က(၇)၊ အ.ထ.က(၁) အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းများဖွင့်လှစ် ရန်ပြင်ဆင်ထားမှုကို လိုက်လံကြည့်ရှုပြီး ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုအခါ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု သိသာစွာ ကျဆင်းလာသည့်အတွက် နိုင်ငံတော်မှ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန် ချက်များနှင့်အညီ အစီအမံများဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကျောင်းလာတက်သူများတွင် ကာကွယ်ဆေး မထိုးနှံရသေးသူများရှိပါက ကာကွယ်ဆေး ထိုးနှံပေးရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျောင်းများ ဖွင့်လှစ်သင်ကြားသည့် ကာလအတွင်း ကျောင်းများ၏ လုံခြုံရေး၊ သင်ကြားရေး ဝန်ထမ်းများ ၏လုံခြုံရေး၊ ကျောင်းသား ကျောင်းသူများ အေးချမ်း ပျော်ရွှင်စွာသင်ကြားနိုင်ရေးအတွက် ကျောင်းဝင်းလုံခြုံရေးအစီ အမံများကို ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဝင်များဖြင့် စနစ်တကျဆောင်ရွက် ထားရန်လိုအပ်ပြီး ကျောင်းပြင်ပလုံခြုံရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိ၏ ကျောင်းဥပဓိကောင်းမွန်ရေး၊ သန့်ရှင်းသပ်ရပ်ရေး၊ သင်ကြားမှုကောင်းမွန်ရေးအတွက် အားလုံး တက်ညီလက်ညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ယင်းနောက် ကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီးများက ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအတွက် ပြင်ဆင်ထားမှုများ၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး၊ လုံခြုံရေးနှင့် ပညာသင်ကြားနိုင်ရေး ဆောင်ရွက်ထားမှုများကို လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)