Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဘားအံမြို့ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံညှိနှိုင်း

 

နေပြည်တော် အောက်တိုဘာ ၃၁

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ရှိ Thiri Hpa-an Hotel ၌ ကျင်းပသည့် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း(ကရင်ဇုန်)၊ ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ လုပ်ငန်းရှင်များနှင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။

 

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ဟိုတယ်နှင့် ခရီးသွားကဏ္ဍအား အထူးအားထားပါကြောင်း၊ ဘားအံမြို့သည် ခရီးသွားများ လည်ပတ်ချင်စရာ ခရီးစဉ်ဒေသများ ပေါကြွယ်ဝသည့်အတွက် ခရီးသွားဧည့်သည်များ လာရောက် လည်ပတ်လေ့ရှိသည့် ခရီးစဉ်ဒေသတစ်ခု ဖြစ်ပါကြောင်း၊ ပြည်နယ်အတွင်း ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်သကဲ့သို့ ရှိပြီးသားခရီးစဉ်ဒေသ များကိုလည်း ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဟိုတယ်များအနေဖြင့်လည်း လာရောက်တည်းခိုသည့် ခရီးသွားဧည့်သည်များ အကြိမ်ကြိမ် ပြန်လည်တည်းခိုလာနိုင်ရေးအတွက် မိမိတို့၏ ကောင်းမွန်သော ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုရှိသော ဝန်ဆောင်မှုကောင်းများပေးရန် လိုအပ် ပါကြောင်း၊ ဘားအံမြို့ရှိ ခရီးသွားဆွဲဆောင်မှုရှိသော နေရာများကို ခရီးသွားဧည့်သည်များ ပိုမိုများပြားစွာ လာရောက်ပတ်လည်နိုင်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ဒေသခံ ပြည်သူလူထု အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုနှင့် တက်ရောက်လာသော လုပ်ငန်းရှင်များက ကရင်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးက ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ စစ်ဆေး၍ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားပြီးဖြစ်သည့် ဟိုတယ်များကို Enchanting Myanmar Health & Safety Protocol အစီအစဉ်အရ ဒေသအဆင့် အသိအမှတ်ပြု လက်မှတ်ပေးအပ်ရာ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ကရင်ဇုန်) ဥက္ကဋ္ဌ က လက်ခံရယူသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ် ပြည်ထောင်စုရိပ်သာ အစည်းအဝေးခန်းမ၌ ကရင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်ဦးစီးသော ပြည်နယ်ဝန်ကြီးများနှင့် တွေ့ဆုံပြီး မကြာမီကာလအတွင်း (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ ရောက်ရှိလာတော့မည် ဖြစ်သဖြင့် ပွဲတော်ကာလတွင် ပြည်နယ်၏ ရိုးရာအကအလှများ၊ အစားအသောက်များ၊ ရိုးရာဝတ်စုံများကို စိတ်ဝင်တစားဖြစ်အောင် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လိုင်စင် (၄)မျိုးအား တိုင်းဒေသကြီး၏ စီမံခန့်ခွဲမှုဖြင့် လုပ်ငန်းလိုင်စင်များ ကြန့်ကြာမှုမရှိအောင် ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဒေသအတွင်း ဟိုတယ်နှင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်အပိုင်းများတွင် ဝိုင်းဝန်းပူပေါင်း ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ဘားအံမြို့ အမှတ်(၄)ရပ်ကွက်၊ ဥယျာဉ်လမ်းရှိ ဘားမဲတောင်သဘာဝဥယျာဉ်သို့ ရောက်ရှိရာ တာဝန်ရှိသူများက ဘားမဲတောင် သဘာဝဥယျာဉ်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ခရီးသွားဧည့်သည်များ လာရောက်လည် ပတ်နေမှုကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်း၍ အကြံပြုခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)