Skip to main content

လုပ်ငန်းများဆောင်ရွက်ရာတွင် ယခင်လုပ်နည်းလုပ်ဟန်ဟောင်းများဖြင့် ခေါက်ရိုးကျိုးဆောင်ရွက် နေ၍မရဘဲ ခေတ်ကာလအခြေအနေနှင့်ကိုက်ညီသည့် လုပ်နည်းလုပ်ဟန်အသစ်များကို ပြောင်းလဲ ဆောင်ရွက်ပေးရမည်

ရန်ကုန် အောက်တိုဘာ ၃၀

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးတို့သည် ယမန်နေ့ ညပိုင်း က ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင် သံကြားတွင် ပြုလုပ်သည့် အနုပညာရှင် များ တေးဂီတဖျော်ဖြေမှု ရိုက်ကူး ထုတ်လွှင့်ခြင်းကို ကြည့်ရှုအားပေးပြီး အနုပညာရှင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများသည် “မြူးကြွလှပ-ရောင်စုံည” ဖျော်ဖြေ ရေးအစီအစဉ်တွင် ပါဝင်သီဆိုကြမည့် ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော် များ၊ တက်ရောက်အားပေး ကြည့်ရှုကြ မည့် လူရွှင်တော်အသင်းနှင့် ကိုလူချော အဖွဲ့၊ လူငယ်မျိုးဆက်သစ်အနုပညာရှင် များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားပြီး အမှတ်တရ လက်ဆောင်များ ပေးအပ်သည်။

ကြည့်ရှုအားပေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး များသည် မြန်မာ့အသံတေးဂီတနှင့်အတူ အနုပညာရှင်များ၏ ဖျော်ဖြေတင်ဆက် မှုနှင့် တိုက်ရိုက် (Live) ရိုက်ကူးထုတ်လွှင့် မှုကို ကြည့်ရှုအားပေးပြီး ဖျော်ဖြေပွဲ အပြီးတွင် သီဆိုဖျော်ဖြေခဲ့ကြသည့် အနု ပညာရှင်များအား ဂုဏ်ပြုနှုတ်ဆက်သည်။

ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ရန်ကုန်မြို့ ဗိုလ်အောင်ကျော် လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ သုံးထပ်အဆောက်အအုံကို လည်းကောင်း၊ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံအဆောက် အအုံကိုလည်းကောင်း သွားရောက်၍ စာပေဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စာဆို ဗိမာန်ဖွင့်လှစ်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စာဆိုဗိမာန် ဖွင့်လှစ်ဆောင်ရွက်ရန် လျာထားသည့် ဗိုလ်အောင်ကျော်လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၏ သုံးထပ်အဆောက်အအုံသို့ သွားရောက် ၍ ရုံးခန်းများဖွဲ့စည်းတည်ရှိမှု၊ အဆောက် အအုံကြံ့ခိုင်မှုနှင့် ထိန်းသိမ်းဆောင်ရွက် ရန် လိုအပ်နေမှုအခြေအနေများကို လည်းကောင်း၊ စာဆိုဗိမာန်ဖွင့်လှစ် ဆောင်ရွက်နိုင်ရေးအတွက် စီမံဆောင် ရွက် ပေးရမည့်အခြေအနေများကို လည်းကောင်း၊ သိမ်ဖြူလမ်းရှိ ဗဟိုပုံနှိပ်စက်ရုံ အဆောက်အအုံအတွင်းရှိ ရုံးခန်းများ ဖွဲ့စည်းတည်ရှိမှုနှင့် အနာဂတ်လုပ်ငန်း ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆွေးနွေးမှာကြား

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြန်မာရေးရာသုတေသနအဖွဲ့နှင့် တွေ့ဆုံ၍ သုတေသန လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးနှင့် မြန်မာရေးရာ၊ ကမ္ဘာ့ရေးရာ၊ တိုင်းရင်းသား ရေးရာစာအုပ်များ စီစဉ်ထုတ်ဝေရေးကိစ္စ များကို ဆွေးနွေးမှာကြားသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ပြန်ကြားရေးဝန်ကြီးဌာနသည် သတင်းမီဒီယာ လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရသည့်အတွက် လွန်စွာအရေးကြီးသည်ဟု ခံယူထား ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်တွင်း/ပြည်ပတွင် ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်နည်းပညာဆိုင်ရာ ကဏ္ဍများတိုးတက်ပြောင်းလဲဖြစ်ပေါ်နေ မှုများကို မျက်ခြည်မပြတ် သိရှိထားရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပြည်တွင်း/ပြည်ပတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေများကို လေ့လာစောင့် ကြည့်ရမှာဖြစ်သကဲ့သို့ ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှု များကိုလည်း ဆွေးနွေးသုံးသပ် အကြံပြုပေးကြစေ လိုပါကြောင်း။

လုပ်ငန်းများဆောင်ရွက်ရာတွင် Research and Development လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့် သုတေသန လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ယခင် လုပ်နည်းလုပ်ဟန်ဟောင်းများဖြင့် ခေါက်ရိုးကျိုးဆောင်ရွက်နေ၍ မရဘဲ ခေတ်ကာလအခြေအနေနှင့် ကိုက်ညီသည့် လုပ်နည်းလုပ်ဟန်အသစ်များကို ပြောင်းလဲဆောင်ရွက် ပေးရမည် ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းများ လုပ်ဆောင်ရာတွင် သမိုင်းကြောင်း ဇာစ်မြစ်များကို ရှာဖွေဖော်ထုတ်ရမှာ ဖြစ်သကဲ့သို့ လက်ရှိဖြစ်ပေါ်နေသည့် ပကတိအခြေအနေများ နှင့်လည်း ချိန်ထိုး လေ့လာသုံးသပ်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုကြား ကောင်းမွန်သည့် သဘောထားအမြင်များ ဖြစ်ပေါ်လာအောင် ဆောင်ရွက်ပေးကြ ရမည်ဖြစ်၍ ပြည်သူ့သဘောထားအမြင် များကိုလည်း အမြဲမပြတ်လေ့လာသုံးသပ်၍ တင်ပြပေးစေလို ပါကြောင်း။

ထိုသို့တင်ပြရာတွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးစီးပွားဖြစ်ထွန်းမည့် ကိစ္စများကို ပွင့်ပွင့်လင်းလင်း မှန်မှန် ကန်ကန် တင်ပြပေးကြစေလိုကြောင်း၊ ပြည်သူများ အသိအမြင်မှန်ကန်ရေး အတွက် မှန်ကန်သည့်သတင်းအချက် အလက်များရရှိရေးသည် လွန်စွာအရေး ကြီးပါကြောင်း၊ ထို့ကြောင့် ပြည်သူများ သတင်းမှန်ရရှိရေးနှင့် သတင်းတု၊ သတင်း မှားများ တိုက်ဖျက်ဖယ်ရှားရေးကို ဦးစား ပေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန လုပ်ငန်းများ ကို ယခုထက် ပိုမိုအောင်မြင်စေရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ် သလို အကြံပြုဆွေးနွေးပေးစေလို ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာရေးရာသုတေ သနအဖွဲ့ဝင်များက ရှေ့ဆောင်ရွက်သွား မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စု ဝန်ကြီးကနိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်