Skip to main content

နိုင်ငံတော်အကျိုးစီးပွား တိုးပွားအောင်ကြိုးပမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် အောက်တိုဘာလ ၂၈ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၃) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် “ကာကွယ် ဆေးထုတ်လုပ်ရန်အတွက် ကုန်ကျစရိတ် များရှိသကဲ့သို့ ကုသမှုဆောင်ရွက်နေသည့် ဆေးရုံများတွင်လည်း ကုန်ကျစရိတ်များရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါတစ်ခုတည်း အပေါ်တွင် သုံးစွဲရသည့်နိုင်ငံတော်ဘဏ္ဍာငွေများမှာ ဘီလီယံနှင့်ချီ၍ ကုန်ကျကြောင်း၊ နိုင်ငံတော်ဘဏ္ဍာငွေများ ကုန်ကျမှုအား လျှော့ချနိုင်ရန်အတွက် ကျန်းမာ အောင်နေထိုင်ရန် လိုအပ်သကဲ့သို့ နိုင်ငံတော်အစိုးရအနေဖြင့်လည်း နိုင်ငံတော် ဝင်ငွေရရှိရန်အတွက် ကုန်သွယ်မှုနှင့်ထုတ်လုပ်မှုများမြှင့်တင်၍ ဝင်ငွေရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း” ပြောကြားခဲ့သည်။

အထက်ပါနိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှာကြားချက်သည် နိုင်ငံတော်၏ ပကတိလိုအပ်ချက်၊ အရေးကြီးသောအချက်ဖြစ်သည်။ နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းရေးနှင့် ပြန်လည် တည်ဆောက်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရာတွင် အဓိကမှာ တိုင်းပြည်ဘဏ္ဍာငွေတောင့်တင်း ခိုင်မာရေးအတွက်စီးပွားရေးကောင်းမွန် တိုးတက်ရန် လိုအပ်သည်။ နိုင်ငံတော်အနေဖြင့် လက်ရှိကာလတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများ ကျန်းမာရေး၊ ကပ်ရောဂါကြောင့် ပြည်သူများ အသက်အန္တရာယ်မရှိစေရေးအတွက် ရောဂါကာကွယ်ရေးနှင့် ကုသရေးတို့တွင် နိုင်ငံ့ဘဏ္ဍာငွေအမြောက်အမြား အကုန်အကျခံကာ ကာကွယ်စောင့်ရှောက်ပေး လျက်ရှိသည်။

အကယ်၍ ကိုဗစ်-၁၉ ရောဂါအတွက် နိုင်ငံတော်ဘဏ္ဍာငွေ ကုန်ကျမှုသက်သာ ပါက နိုင်ငံတော်တည်ဆောက်ရေး၊ ဖွံ့ဖြိုးရေးတို့တွင် ပိုမိုအားဖြည့်ဆောင်ရွက်ပေးနိုင် မည်။ ယခုအခါ ကမ္ဘာပေါ်ရှိနိုင်ငံအများတွင် ကိုဗစ်ရောဂါဖြစ်ပွားမှုအရှိန်မကျသေးဘဲ မြင့်မားနေဆဲဖြစ်သည်။ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနှုန်း တစ်နေ့ထက် တစ်နေ့ကျဆင်းနေပြီး အခြေအနေ ကောင်းများဖြစ်ပေါ်နေသည်။ ထိုသို့ရောဂါဖြစ်ပွားမှု ကျဆင်းသွားရခြင်းသည် အားလုံး၏ပူးပေါင်း ဆောင်ရွက်မှုကြောင့်ဖြစ်၍ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ထပ်မံကူးစက်မှုမဖြစ်ပွားစေရေးအတွက် ယခုအောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာပေါ်တွင် အလျှင်းမပျောက်သည့်ရောဂါအဖြစ် ဆက်လက်တည်ရှိ နေဦးမည်ဖြစ်၍ ကိုဗစ်-၁၉ကပ်ရောဂါနှင့် အတူယှဉ်တွဲနေထိုင် နိုင်ရေးအတွက် ပြည်သူအားလုံး အနေဖြင့် ကျန်းမာအောင် နေထိုင်တတ်ရေးနှင့် နိုင်ငံတော်အနေဖြင့် ရောဂါကာကွယ်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။ ပြည်သူများ ကျန်းမာချမ်းသာစွာနေထိုင်နိုင်ရေးအတွက် အလုပ်အကိုင်စီးပွားရေး အဆင်ပြေတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ရောဂါကာကွယ်ရေးအတွက် နိုင်ငံ့ဘဏ္ဍာငွေတောင့်တင်းခိုင်မာရေးနှင့် ကာကွယ်ဆေး ထုတ်လုပ်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကာကွယ်ဆေးထုတ်လုပ်ရေးနှင့် ကုသရေး အတွက် ဘဏ္ဍာငွေအမြောက်အမြားလိုအပ်မည်ဖြစ်၍ တိုင်းပြည်ဘဏ္ဍာ ပြည့်စုံ ကောင်းမွန်ရေး အတွက် ကုန်သွယ်စီးပွားတိုးတက်ရေးကိုကောင်းမွန်တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အတွက် အရေးကြီးသည့်ဘဏ္ဍာငွေတိုးတက်ရရှိရေးကို ဆောင်ရွက် ကြရာ၌ ပြည်တွင်း၊ ပြည်ပအနှောင့်အယှက်များရှိနေသည်။ ယခုအခါ မြန်မာနိုင်ငံ၌ နိုင်ငံရေးဖြစ်ပေါ်နေမှုကို အကြောင်းပြု၍ ပြည်ပနိုင်ငံများ၊ အထူးသဖြင့် အနောက် နိုင်ငံများက ဖိအားအမျိုးမျိုး၊ နှောင့်ယှက်မှုအဖုံဖုံပေးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ လူသားချင်းစာနာထောက်ထားသော အားဖြင့် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော ပြည်သူများအား ထောက်ထားမှုမရှိဘဲ ဆန့်ကျင်ဘက်နိုင်ငံရေး အသိုက်အဝန်းတစ်ခုအတွက် ရပ်တည်ထောက်ခံအားပေးနေသည်မှာ နိုင်ငံ တစ်နိုင်ငံ၏ကောင်းကျိုးကို မကြည့်ရှုဘဲ ပျက်စီးရေးကိုသာရှေးရှုသည့် သဘောထား မမှန်သည့် လုပ်ဆောင်ချက်များသာဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော်စီးပွားတောင့်တင်းခိုင်မာရေးအတွက် ကမ္ဘာ့စီးပွားရေး အသိုက်အဝန်းနယ်ပယ် အတွင်း ချိတ်ဆက်ဆောင်ရွက်ခြင်းထက် မိတ်ဆွေနိုင်ငံများနှင့် နှစ်နိုင်ငံချင်း ပူးပေါင်း ဆောင်ရွက် ရေးကို ကြိုးစားအားထုတ်ဆောင်ရွက် ကြရမည်ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက်လည်း ကုန်ထုတ်လုပ် မှုများတိုးတက်လာရေးကို အားတက်သရော ကြိုးပမ်းအားပေး ဆောင်ရွက်ကြရန် လိုအပ်သည်။ ဒေသအလိုက်၊ တစ်ဦးချင်းအလိုက် စီးပွားရေး ကောင်းမွန်ရေး အတွက် ဂရုတစိုက်အလေးထားဆောင်ရွက်ပေးရန် လိုအပ်သည်။ ဒေသစီးပွား တိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုနှင့် ပြည်ပပို့ကုန်တိုးတက်ရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတော်တွင် ကြုံတွေ့နေရသည် စိန်ခေါ်မှုများကို ကျော်လွှား နိုင်အောင် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံတော်အကျိုးစီးပွား တိုးပွားလာအောင် အားကြိုးမာန်တက် ဆက်လက် ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။