Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သံဖြူဇရပ်မြို့နယ်ရှိထင်ရှားသော ခရီးစဉ်ဒေသများသို့ သွားရောက်ကြည့်ရှု

နေပြည်တော်၊ အောက်တိုဘာ ၃၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက် လည်ပတ်လေ့ရှိသည့် သံဖြူဇရပ်မြို့နယ်ရှိ မြန်မာ-ထိုင်းသေမင်းတမန်မီးရထားလမ်းပြတိုက်အား သွားရောက်ကြည့်ရှုရာ  တာဝန်ရှိသူများမှ ပြတိုက်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ပြတိုက်အတွင်း ခင်းကျင်းပြသထားရှိမှုကို  လိုက်လံရှင်းလင်း ပြသသည်။

အဆိုပါ ပြတိုက်ကို နိုင်ငံခြားသားခရီးသွားဧည့်သည်များနှင့် ဒေသတွင်းဖွံ့ဖြိုးရေးအတွက် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး ပြတိုက်တွင် သမိုင်းဝင်ပန်းချီကားများ၊ ရေနွေးငွေ့ ရထားစက်ခေါင်း၊ ချွေးတပ်သားများ လမ်းဖောက်လုပ်သည့် ဓာတ်ပုံမှတ်တမ်းများနှင့်ရုပ်ရှင် ဗီဒီယို အား ပြသထားရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြတိုက်အား ယာယီပိတ်ထားရှိမှုမှ ပြည်သူလူထု များ လာရောက်လေ့လာလည်ပတ်နိုင်ရန် ယနေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီးဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သံဖြူဇရပ်မြို့ရှိ ဓနသဟာယစစ်သင်္ချိုင်းသို့ သွားရောက် ကြည့်ရှုရာ တာဝန်ရှိသူများမှ စစ်သင်္ချိုင်းအား ထိန်းသိမ်း စောင့်ရှောက်နေမှုကို ရှင်းလင်းတင်ပြသည်။ အဆိုပါ ဓနသယာယစစ်သင်္ချိုင်းကို ၁၉၄၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးဖွင့်လှစ်သည့် စစ်သင်္ချိုင်းဖြစ်ပြီး ၁၉၄၂ မှ ၁၉၄၅ ခုနှစ်အတွင်း ဂျပန်စစ်သုံ့ပန်များအဖြစ် မြန်မာ - ယိုးဒယား နယ်စပ်မီးရထားလမ်း ဖောက်လုပ်စဉ် သေဆုံးခဲ့ကြသည့် ဗြိတိသျှ၊  သြစတြေး လျ၊ နယ်သာလန် စစ်မှုထမ်းများနှင့် အာရှချွေးတပ်သားများ မြှုပ်နှံထားရှိသည့် စစ်သင်္ချိုင်းဖြစ်ပြီး ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသော နေရာတစ်ခုဖြစ်ကြောင်း သိရှိရသည်။    

ဆက်လက်၍ ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျိုက္ခမီမြို့ရှိ ဆုတောင်းပြည့်ရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဘုရားကြီးအား ပန်း၊ ‌ရေချမ်းနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီး ဘက်စုံအလှူငွေပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌက လက်ခံရယူသည်။ အဆိုပါ ဘုရားသို့ ရုံးပိတ်ရက် ကာလ ဖြစ်သည့်အားလျော်စွာ ပြည်တွင်းဘုရားဖူးဧည့်သည်များ လာ‌ရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားဖူးများနှင့်စည်ကားလျက်ရှိသည်။

ထို့နောက် ပြည်‌ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်စဲကမ်းခြေရှိ 21 Paradise Hotel သို့ရောက်ရှိပြီး ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ စက်စဲကမ်းခြေသို့ လာရောက် လည်ပတ်သော ခရီးသွားဧည့်သည် များတည်းခိုနိုင်‌ရေး ကြိုတင်ပြင်ဆင်ထားမှုအခြေအနေနှင့် ကမ်းခြေသန့်ရှင်း သာယာလှပ‌ရေး  ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တွေ့ဆုံဆွေးနွေးပြီး ဟိုတယ်နှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးလျက် ရှိသဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်မြို့ အောက်လမ်းမကြီးရှိ ခရီးသွား ဧည့်သည်များ လာ‌ရောက်လည်ပတ်ရာတွင် ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များ သိရှိလိုမှုကို မေးမြန်းစုံစမ်းနိုင်ရန်အတွက် Information Counter ဖွင့်လှစ်မည့် အဆောက်အဦနေရာကို သွား‌ရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သတင်းစဉ်