နေပြည်တော် အောက်တိုဘာ ၂၉
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ်အသီးသီးတွင် အသစ်ခန့်အပ်မည့် နည်းပြ၊ သရုပ်ပြအသစ်များကို အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းများ ဖွင့်လှစ်ရေး အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ပါမောက္ခချုပ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အောက်တိုဘာ ၂၅ ရက်က ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၁) တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်တည်ဆောက်ရာ တွင် လူ့စွမ်းအားအရင်းအမြစ်သည် အရေးကြီးကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် အရည်အသွေးပြည့်ဝသည့် ပညာရေးဝန်ထမ်းများကို လေ့ကျင့်မွေးထုတ်သွားရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါကြောင်း၊ သို့ဖြစ်ရာ ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်နည်းပြ၊ သရုပ်ပြ အသစ်များကို မကြာမီခန့်ထားပြီး တာဝန်ကျရာ တက္ကသိုလ်ဒီဂရီကောလိပ်၊ ကောလိပ် အသီးသီးတွင် နိုဝင်ဘာ ၈ ရက်မှစတင်၍ ဆရာ၊ ဆရာမ အရည်အသွေးမြှင့်တင်ရေး မွမ်းမံ သင်တန်းကို ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသော ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်း များနှင့်အညီ တစ်လကြာ ဖွင့်လှစ်ရန်စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း၊ အဆိုပါ သင်တန်းများတွင် နံနက်ပိုင်း၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ စီမံဘဏ္ဍာဌာနမှူးများက နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို ပို့ချပေးမည်ဖြစ်ပါကြောင်း။
ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့က ပြုစုရေးသား၍ သက်ဆိုင်ရာတက္ကသိုလ်များသို့ ဖြန့်ဝေထားပြီး ဖြစ်သော သင်ပြနည်း ပညာဘာသာရပ်၊ ပညာရေး သဘောတရားနှင့် စီမံခန့်ခွဲမှုပညာဘာသာရပ်နှင့် ပညာရေးစိတ်ပညာ ဘာသာရပ် တို့ကို ပညာရေးတက္ကသိုလ်များ၏ နည်းပြသင်တန်း တက်ရောက်ထားသော ဝါရင့်ပါမောက္ခ၊ တွဲဖက်ပါမောက္ခများက လူကိုယ်တိုင် သင်ကြားပေးမည်ဖြစ်သကဲ့သို့ ပညာရေးတက္ကသိုလ်မှ ဆရာမများကလည်း အွန်လိုင်းမှ ဖြည့်ဆည်းသင်ကြားမည် ဖြစ်ပါကြောင်း၊ မွန်းလွဲပိုင်းတွင် သက်ဆိုင်ရာဘာသာရပ် ဌာနအသီးသီး၌ ပါမောက္ခများ၊ ဝါရင့်တွဲဖက်ပါမောက္ခများက ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများ ပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်မှု အခြေအနေကို ပါမောက္ခချုပ်များက ကြီးကြပ်ကာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့နှင့် ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ် အကဲဖြတ်ရေး အဖွဲ့တို့သို့ အပတ်စဉ် သတင်း ပို့စေလိုပါကြောင်း၊ ပညာရေးတက္ကသိုလ်များက လေ့ကျင့်ပို့ချပေးသော သင်ပြနည်းဆိုင်ရာ နည်းပြသင်တန်းများသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် အသစ်ခန့်အပ်ထားသော ဆရာ ဆရာမ များလည်း တက်ရောက်ကြမည်ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများသည် နိုင်ငံ့ဝန်ထမ်း များဖြစ်သည်နှင့်အညီ မည်သည့်အစိုးရတက်တက် စာသင်ကြားရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင် ကြရမည်ဖြစ်ပါ ကြောင်း၊ နိုဝင်ဘာလမှစတင်ကာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ကျန်းမာရေးဝန်ထမ်းများနှင့် စနစ်တကျ ပူးပေါင်းလုပ်ဆောင်ကြရ မည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရပ်တန့်နေခဲ့သည့် ပညာရေးကဏ္ဍကို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားလုံး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။ ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းတို့က ဆွေးနွေးပြောကြား ကြသည်။
ဆက်လက်၍ နံနက် ၁၁ နာရီတွင် မကြာမီအသစ်ခန့်အပ်မည့် အခြေခံပညာ ဆရာ ဆရာမများကို အရည်အသွေးမြှင့်တင်ရေး မွမ်းမံသင်တန်းဖွင့်လှစ်ရေး၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးတက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ပညာရေးမှူးများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးက မကြာမီအသစ်ခန့်အပ်မည့် အခြေခံပညာဆရာ ဆရာမများသည် နိုဝင်ဘာ ၈ ရက်မှ စတင်ကာ ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်နှင့် ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းတွင် ဆရာ ဆရာမ အရည်အသွေး မြှင်တင်ရေးမွမ်းမံ သင်တန်းများ တက်ရောက်ရမည်ဖြစ်ပါကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင် ပညာရေးမှူးများက ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းဆွေးနွေးမည်ဖြစ်ကာ ပညာရေးတက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များမှ ဆရာကြီး ဆရာမကြီးများက သင်ပြနည်းပညာ ဘာသာရပ်နှင့် သက်ဆိုင်ရာ မူလတန်း အလယ်တန်း အထက်တန်း ဘာသာရပ်များကို ကိုယ်တိုင်လေ့ကျင့်ပို့ချပေးရန် စီစဉ်ထားပါကြောင်း၊ အသက် ၁၂ နှစ်အထက် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံရေး၊ စာသင်ကျောင်းများ ပိုးသတ်ဆေးဖျန်းရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်းရေး၊ စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေးနှင့် ကလေးများကို အမှန်တကယ် စာတတ်မြောက်အောင် သင်ကြား ပေးရေးကိစ္စရပ်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များက ကဏ္ဍအလိုက် ဆွေးနွေးပြောကြား ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)