နေပြည်တော် အောက်တိုဘာ ၂၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်၊ နတ်မောက်လမ်းရှိ သမဝါယမ ကူးသန်းရောင်းဝယ်ရေးသင်တန်းကျောင်းသို့ သွားရောက်၍ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမ ဦးစီးဌာနရုံးအား ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး၊ ရုံးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်စေရေး၊ ရုံးအဆောက်အဦများ၊ စာသင်ဆောင်များ၊ လူနေအဆောက်အဦများ၊ ခြံစည်းရိုးများနှင့် လမ်းများအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ သင်တန်းကျောင်းအား အလင်းဖွင့်ပေးနိုင်ရေးနှင့် သင်တန်း ကျောင်း၏ ဖွဲ့စည်းပုံကိုပြင်ဆင်ကာ အဆင့်မြှင့်တင်နိုင်ရန် လိုအပ်သည်များကို ရေးဆွဲတင်ပြပေးနိုင်ရေး၊ သမဝါယမကူးသန်း ရောင်းဝယ်ရေး သင်တန်းကျောင်း၏ သင်ရိုးညွှန်းတမ်းများအား ပြန်လည်သုံးသပ်၍ ခေတ်စနစ်နှင့် လျော်ညီသော သင်ရိုး ညွှန်တမ်းအသစ်များ ရေးဆွဲနိုင်ရေး၊ ထူးချွန်ကျောင်းသားများကို သမဝါယမကောလိပ် (ဖောင်ကြီး) သို့ ချိတ်ဆက် ပေးနိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များ ရေးဆွဲတင်ပြသွားရန်နှင့် သမဝါယမ လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေး ဆက်လက်ဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် သင်တန်းကျောင်းအတွင်း ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်း လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)