နေပြည်တော် အောက်တိုဘာ ၂၉
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်၍ အရွယ်မရောက်သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီအစည်းအဝေး (၂/၂၀၂၁) ကို ယနေ့မွန်းလွဲ ၂ နာရီ တွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် မြန်မာနိုင်ငံ စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ်ငန်းအဖွဲ့ (Country Task Force on Monitoring and Reporting - CTFMR) တို့အကြား “အရွယ် မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး လုပ်ငန်း စီမံချက်” ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အဆိုပါစီမံချက်အရ CTFMR နှင့် ပူးပေါင်းပြီး တပ်မတော်မှ အရွယ်မရောက်သေးမီ မှားယွင်းစုဆောင်းခဲ့သည့် အသက်မပြည့် စစ်သည် (၁၀၂၉) ဦးကို တပ်မတော်မှ နုတ်ထွက်ခွင့်ပြုပြီး မိဘရပ်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ CTFMR နှင့် တိုက်ဆိုင်စစ်ဆေးထားပြီး ကျန်ရှိသည့် အသက် မပြည့်စစ်သည်များကိုလည်း စနစ်တကျစိစစ်၍ နုတ်ထွက်ခွင့်ပြုနိုင်ရေး ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှု ထမ်းဆောင်ခြင်းမှ ကာကွယ် တားဆီးထိန်းသိမ်းရေး ကော်မတီနှင့် UNCTFMR တို့ သဘောတူ သတ်မှတ်ပြဋ္ဌာန်းချက်များနှင့် အညီ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း စုဆောင်းလျက်ရှိပါကြောင်း၊ အသိပညာပေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီအစည်းအဝေးများကို ၃ လတစ်ကြိမ် ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို UNICEF သို့ အသိပေး အကြောင်းကြားသွားမည် ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ကိုယ်စားလှယ်များက အရွယ်မရောက်သေးသူ ကလေး သူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှေ့လုပ်ငန်းစဉ်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် ဆွေးနွေးသည်။
အစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီဝင်များနှင့် သက်ဆိုင်ရာ ရုံး/ဌာန များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)