Skip to main content

လူတိုင်းနှင့် သက်ဆိုင်သည့် အမျိုးသားရေးတာဝန်တစ်ရပ်

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များပြားခဲ့သည့်အတွက် မိမိနေအိမ်တွင် နေထိုင်ရန် Stay at Home အစီအစဉ်တွင် အကျုံးဝင်ခဲ့သည့် မြို့နယ် များကို ပိုးတွေ့လူနာများ လျော့နည်းလာကြောင်း စိစစ် တွေ့ရှိချက်အရ အောက်တိုဘာ ၂၇ ရက်က ပယ်ဖျက်ပေးလိုက်ပြီဖြစ်သည်။

ချင်းပြည်နယ်မှ တစ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တစ်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှ ရှစ်မြို့နယ်၊ မကွေးတိုင်းဒေသကြီး မှ ကစ်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးမှ ၁၀မြို့နယ်၊ မွန် ပြည်နယ်မှ တစ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ် ၂၀၊ ဧရာဝတီတိုင်း ဒေသကြီးမှ နှစ်မြို့နယ်တို့ကို Stay at Home အစီအစဉ်မှ ပယ်ဖျက် ပေးလိုက်ခြင်းဖြစ်သည်။ “'ကိုဗစ်-၁၉ ရောဂါကူးစက်မှုအနေဖြင့် လက်ရှိအချိန်တွင် ၄ ရာခိုင်နှုန်းကျော် ကူးစက်မှုရှိသော်လည်း ယခု ထက်ပိုမိုလျော့ကျလာနိုင်သေးကြောင်း၊ ပြီးခဲ့သည့် သီတင်းကျွတ် ကာလတွင် ခရီးသွားခြင်းများ ဆောင်ရွက်ခဲ့ကြသော်လည်း ကူးစက် မှုနှုန်းများ မြင့်တက် လာသည်ကို မတွေ့ရကြောင်း၊ ကာကွယ်ဆေး ထိုးနှံထားမှုများနှင့် ကိုဗစ်စည်းကမ်းအား လိုက်နာခဲ့မှု များကြောင့် ဖြစ်ကြောင်း၊ ယခုကဲ့သို့ ရောဂါကူးစက်မှုနှုန်းများ ကျဆင်းလာချိန်တွင် ရပ်တန့်ထားရသည့် ပညာရေး ယန္တရား၊ ကုန်ထုတ်လုပ်မှု ယန္တရားများနှင့် အကန့်အသတ်ဖြင့် ခွင့်ပြုထားရသည့် သယ်ယူ ပို့ဆောင်ရေးယန္တရားများအားပြန်လည်ဆောင်ရွက်နိုင်ရေး စဉ်းစား ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်၍မရနိုင်သော်လည်း ရောဂါကူးစက်မှုနှုန်း နည်းပါးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြန်လည်ဆောင်ရွက်၍ ရကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ (၁၃)ကြိမ်မြောက် အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာတွင် ထည့် သွင်း ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့လူသားများနှင့်အတူ အချိန်ကာလ တစ်ရပ်ကြာမြင့်စွာ ရှိနေဦး မည်ဟူ၍ ယူဆကြပြီး ကပ်ရောဂါနှင့်လူ အတူယှဉ်တွဲနေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရန် ပညာရှင် များက တိုက်တွန်းထားသည်။ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံ ထားပြီးသူ၊ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံထားသူ၊ ကာကွယ်ဆေး လုံးဝမထိုးရသေးသူ စသည်တို့အားလုံး ကိုဗစ်-၁၉ ကာကွယ်ရေး၊ စည်းမျဉ်း စည်းကမ်းများကို အလေးထား၍ ဆက်လက်ကျင့်သုံး သွားကြရေးသည် ရောဂါနှင့်လူယှဉ်တွဲ နေထိုင်နိုင် ရေးအတွက် အရေးပါသည်။ လူ့အသိုင်းအဝိုင်းများကြားတွင် ဆက်လက်ရှိနေဆဲ ကူးစက်ရောဂါပိုးက မေ့လျော့သူ၊ ပေါ့ဆသူတို့ကို ဆက်လက်ကူးစက်ပျံ့နှံ့နေ မည်ဖြစ်ရာ ကိုဗစ်-၁၉ ကမ္ဘာမြေပေါ်မှ ပျောက်ကွယ် မသွားမချင်း မိမိထံ ကူးစက်မလာစေရန် လူတိုင်းသတိပြုကာကွယ်သွားရန် လိုအပ်သည်။

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် နိုင်ငံ၏ ကျန်းမာရေးကဏ္ဍ သာမက စီးပွားရေး၊ ပညာရေး၊ လူမှုရေး အပါအဝင် ဆက်စပ်နေသည့် ကဏ္ဍများ ထိခိုက်ဆုံးရှုံးမှုကိုကြီးမားလှသည်။ ကမ္ဘာ့နိုင်ငံ အသီးသီး တို့တွင်လည်း ဤသို့ ဤနှယ်ပင်ဖြစ်သည့်တိုင် မိမိတို့နိုင်ငံအနေဖြင့်မူ နိုင်ငံရေး အပြောင်းအလဲမှ ထွက်ပေါ် လာသည့် ရိုက်ခတ်မှုကလည်း ကြီးမားသည့်အတွက် နှစ်ခါနာသည်ဟုပင် ဆိုရမည်ဖြစ်သည်။ သို့ဖြစ်သည့်အတွက် ရောဂါကူးစက်ပျံ့နှံ့မှုလျော့နည်း ကျဆင်းလာပြီး နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိသည် နှင့် စီးပွားရေး၊ ပညာရေးစသည်တို့ အပါအဝင် စတင်လည်ပတ် နိုင်သည့် ယန္တရားများကို ရောဂါထိန်းချုပ်မှု မူဘောင်များအတွင်းမှ လည်ပတ်သွားနိုင်ရန် ဆောင်ရွက်သွား ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ ကပ်ရောဂါ ကာကွယ်တားဆီးရေးသည် လူတိုင်းနှင့်သက်ဆိုင်သည့် အမျိုးသားရေး တာဝန် တစ်ရပ်ဖြစ်သည့်အလျောက် နေအိမ်ပြင်ပတွင် သွားလာပါက ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်ရေး၊ မကြာ ခဏ ဆပ်ပြာဖြင့် လက်ဆေးရေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင် ဆက်ဆံရေး၊ လူစုလူဝေး ရှောင်ကြဉ်ရေးတို့ကို အခြေခံစည်းမျဉ်းများအဖြစ် ဆက်လက် ကျင့်သုံး ခြင်းဖြင့် လူတိုင်းပါဝင်တာဝန်ကျေပွန်နိုင် ကြပါစေကြောင်း။ ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်