နေပြည်တော် အောက်တိုဘာ ၂၈
အာဆီယံ စီးပွားရေးအသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်း အစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်၍ ယနေ့ မွန်းလွဲ ၁ နာရီတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံစီးပွားရေးအသိုက်အဝန်းမဏ္ဍိုင်အောက်ရှိ ဘာသာရပ်ဆိုင်ရာဌာနများမှ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အာဆီယံ စီးပွားရေး အသိုက်အဝန်းကောင်စီ ဝန်ကြီးဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက စက်တင်ဘာလအတွင်း ကျင်းပပြီးစီးခဲ့သည့် (၅၃) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများနှင့် အောက်တိုဘာလ တတိယပတ်တွင် ကျင်းပပြီးစီးခဲ့သည့် အကြိမ် (၂၀) မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်း ကောင်စီ အစည်းအဝေးတို့တွင် ဆွေးနွေးညှိနှိုင်းချက်များ အရ အေအီးစီလုပ်ငန်းစဉ် များ အကောင်အထည်ဖော်မှု၌ မြန်မာနိုင်ငံက ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဘာသာရပ်ဆိုင်ရာဌာနများက ဆက်လက်ဆောင်ရွက်ပေးရမည့် ကိစ္စများ ကို လည်းကောင်း၊ မိမိတို့နိုင်ငံက လိုက်ပါ အကောင်အထည် ဖော်ရမည့် ကိစ္စရပ်များကို သတ်မှတ် အချိန်အတိုင်း ပြီးစီးအောင် ဆောင်ရွက်ရာတွင် အခက်အခဲများ၊ ညှိနှိုင်းပေါင်းစပ်ပေးရန် လိုအပ် ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လုပ်ငန်းအဆင့် အစည်းအဝေးများကျင်းပ၍ ဆက်လက် ညှိနှိုင်း ဆွေးနွေးရန် ကိစ္စများကို လည်းကောင်း ပြောကြားပြီး (၅၃) ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၏ အခြေအနေ အရပ်ရပ်ကို ဆွေးနွေးခဲ့သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ဘာသာရပ်ဆိုင်ရာ ဌာနများ အနေဖြင့် အေအီးစီဆိုင်ရာ လုပ်ငန်း များကို ဆောင်ရွက်နေသည့် ဌာနများတွင် လူ့စွမ်းအားအရင်းအမြစ်ပြတ် လပ်မှု မရှိစေရေးအတွက် အထူးအလေးထားဆောင်ရွက်ရန်နှင့် အေအီးစီဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု အခြေအနေများကို သုံးသပ်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ ကို ညှိနှိုင်းခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က ၂၀၂၁ ခုနှစ်အတွက် အေအီးစီ အကောင် အထည်ဖော်မှုတွင် မြန်မာနိုင်ငံက ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက် မည့် အစီအစဉ် များကို အသေးစိတ် ရှင်းလင်းတင်ပြပြီး ဒေသတွင်း နှင့်နိုင်ငံစုံလွတ်လပ်သော ကုန်သွယ်မှု သဘောတူ စာချုပ်များ အပြင် နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (Bilateral Free Trade Agreement- BFTA) နှင့် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုစာချုပ်များ (Bilateral Investment Treaty -BIT) ချုပ်ဆိုနိုင်မည့် အလားအလာများကို ရှာဖွေ၍ ဆက်လက် ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့ သည်။
ဆက်လက်၍ မြန်မာနိုင်ငံ၏ အာဆီယံအဆင့်မြင့် စီးပွားရေးအရာရှိ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က အာဆီယံ စီးပွားရေး အသိုက်အဝန်းပုံစံ ၂၀၂၅ ကာလလယ်သုံးသပ်ချက် ဆောင်ရွက်မှု ရလဒ်အပါအဝင် အေအီးစီ လုပ်ငန်းစဉ်များအကောင်အထည်ဖော်မှုအခြေ အနေများ၊ မြန်မာနိုင်ငံ က အာဆီယံ၌ ပါဝင်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးနှင့် စိန်ခေါ်မှုဆိုင်ရာ ဆန်းစစ်လေ့လာမှုကို ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် အာဆီယံစီးပွားရေး အသိုက်အဝန်း မဏ္ဍိုင်အောက်ရှိ ဘာသာရပ်ဆိုင်ရာဌာနများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၏ အကောင်အထည်ဖော်မှု အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို တင်ပြခဲ့ရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
(သတင်းစဉ်)