နေပြည်တော် အောက်တိုဘာ ၂၈
နေပြည်တော် ရေချိုငါးလုပ်ငန်း ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင် စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်၊ ဥပဒေရေးရာ ဝန်ကြီးဌာန၊ ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ၊ နေပြည်တော် ငါးလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေ (မူကြမ်း) များ စိစစ်ရာတွင် လတ်တလော ပြဋ္ဌာန်းရန် လိုအပ်သည့် ဥပဒေများကို ဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ နေပြည်တော် ရေချိုငါးလုပ်ငန်း ဥပဒေ(မူကြမ်း)သည် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)အတွင်း ရေချိုငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေ ရန်၊ ငါးပြုန်းတီးမှုကို ကာကွယ် တားဆီးရန်၊ ရေချိုငါးလုပ်ငန်း ရေပြင်များ ပျက်စီးခြင်းမှ ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော် က ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန်နှင့် ရေချိုငါးလုပ်ငန်းများကို ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်း ပြုလုပ် နိုင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၆ ခုနှစ် ကတည်းကပင် ရေးဆွဲခဲ့ခြင်းဖြစ် ကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီသို့ တင်ပြခြင်းမပြုမီ ယခုကဲ့သို့ ဆွေးနွေးကြ ခြင်းဖြစ်ကြောင်း၊ ကော်မတီမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြအတည်ပြုချက်ရယူပြီး နိုင်ငံတော်စီမံ အုပ်ချုပ် ရေး ကောင်စီမှ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ရန် ဆက်လက်တင်ပြ ရမည်ဖြစ်ကြောင်း၊ ဥပဒေ၏ ရည်ရွယ်ချက်နှင့် အနှစ်သာ ရများ ပြည့်စုံစေရေး အကြံပြုဆွေးနွေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်ကြသူများက နေပြည်တော် ရေချိုငါးလုပ်ငန်း ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်း၍ အသေးစိတ် ညှိနှိုင်းဆွေးနွေး ကြကြောင်း သိရသည်။
(သတင်းစဉ်)