နေပြည်တော် အောက်တိုဘာ ၂၈
ခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင် သည် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး / ပြည်နယ် အစိုးရအဖွဲ့များမှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကို တာဝန်ယူဆောင်ရွက် နေသော ဝန်ကြီးများနှင့် ခရီးသွားလုပ်ငန်းအကောင်အထည်ဖော်ရန်နှင့် ခရီးသွားမြှင့်တင်မှု များကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာန နီလာအစည်းအဝေး ခန်းမ ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး က အစိုးရ- ပုဂ္ဂလိက- ပြည်သူလူထုတို့၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုနှုန်းမှာလည်း လျော့နည်းလာပြီ ဖြစ်ပါကြောင်း၊ ယခုအခါတွင် ပွင့်လင်းရာသီသို့ ရောက်ရှိ လာပြီဖြစ်သောကြောင့် ပြည်တွင်း ခရီးသွားဧည့်သည်များ အနေဖြင့် ခရီးစဉ်ဒေသ အသီးသီးသို့ သွားရောက်လည်ပတ် နေပြီဖြစ်ပါကြောင်း၊ ထိုသို့ ခရီးစဉ်ဒေသ များသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခြင်းဖြင့် ခရီးစဉ်ဒေသများရှိ ဒေသခံပြည်သူ လူထု၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိိုးတိုးတက်လာ နိုင်မည်ဖြစ်ပါကြောင်း၊ ခရီးသွားဧည့်သည်များကို ကျေနပ် ကောင်းမွန်သည့် ဝန်ဆောင်မှုပေး နိုင်ရေးအတွက် စဉ်ဆက်မပြတ် စောင့်ကြည့် ဂရုပြုကြရမည်ဖြစ်ပါကြောင်း၊ ခရီးသွား လုပ်ငန်း၏ သဘောသဘာဝမှာ ချက်ချင်းတုန့်ပြန် ဆောင်ရွက်ပေးရသည့် သဘော ရှိသော ကြောင့် ဧည့်သည် များ၏ ယုံကြည်မှုအပြည့်အဝ ရရှိအောင် ကျန်းမာရေး၊ ဝန်ဆောင်မှုစသော ကဏ္ဍများ၌ အားနည်းချက်များ မဖြစ်ပေါ် စေရန် ဂရုပြုကြရမည်ဖြစ်ပါကြောင်း၊ ယင်းအပြင် မိမိတို့ နိုင်ငံသည် ရေမြေတောတောင် သဘာဝအလှအပများနှင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝသောကြောင့် ကျန်းမာရေးနှင့် လျော်ညီသော ဝန်ဆောင်မှုကောင်း များပေးနိုင်ကာ ဧည့်ဝတ်ကျေပွန်မည် ဆိုပါက ပြည်တွင်းပြည်ပ ခရီး သွားဧည့်သည်များ အကြိမ်ကြိမ်လာရောက် လည်ပတ်ကြမည် ဖြစ်သော ကြောင့် ခရီးစဉ် ဒေသများရှိ အစိုးရ- ပုဂ္ဂလိက- ပြည်သူလူထု အားလုံး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် သွားကြရရန် လိုအပ်ပါ ကြောင်းပြောကြားသည်။
ထို့နောက် ဝန်ကြီးဌာနမှ ရိုက်ကူးထားရှိသည့် ကိုဗစ်-၁၉ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင် လျက်ရှိသည့် ရုပ်သံဗီဒီယိုအား ပြသပြီး နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသ ကြီး/ ပြည်နယ် အစိုးရအဖွဲ့များမှ ဝန်ကြီးများက ပထမအကြိမ် အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှု၊ ခရီးသွားလုပ်ငန်းကဏ္ဍတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု၊ ခရီးစဉ် ဒေသသစ်များ ဖော်ထုတ်နိုင်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ လုပ်ငန်းလိုအပ်ချက် အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် တင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ပွင့်လင်းရာသီတွင် ရာသီအလိုက်ပွဲတော် များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသည့် ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့် အညီ စွမ်းအားပြည့် စနစ်တကျကျင်းပနိုင်ရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ဒေသ အလိုက် တိုင်းရင်းသားရိုးရာပွဲတော်များကို ပြန်လည်ဖော်ထုတ်မြှင့်တင်ခြင်း၊ ရိုးရာ အစား အသောက်ပွဲတော်များနှင့် ခရီးသွားများလည်ပတ်ရန် ခရီးသွားဆွဲဆောင်မှုရှိသည့် Community Based Tourism ကဲ့သို့သော ကျေးလက်လူနေမှုဘဝကို လေ့လာသော ခရီးစဉ် များ၊ One Village One Product အစီအစဉ်များကို ဖော်ထုတ်ဆောင်ရွက်ရန် လိုအပ်ပါ ကြောင်း ပြောကြားပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
(သတင်းစဉ်)