ဒေါက်တာဇွန်
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်-၁၉)သည် ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ဆက်လက်ဖြစ်ပွားလျက်ရှိပြီး အချိန်ကာလ အားဖြင့် လပေါင်းနှစ်ဆယ် ကျော်ခဲ့ပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ တတိယအကျော့တွင်ရှိနေပြီး အချို့နိုင်ငံများသည် စတုတ္ထ အက္ခုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံသည် ပထမအကျော့တွင် ဖြစ်ပွားမှု၊ သေဆုံးမှုနည်းခဲ့သော်လည်း အမေရိကန်၊ အင်္ဂလန်၊ အီတလီစသည့် နိုင်ငံကြီးများသည် ပထမအကျော့၏ ဒဏ်ကို အပြင်းအထန်ခံခဲ့ကြရသည်။ ဆေးရုံခုတင် မလုံလောက်မှု၊ ဆေး၊ ဆေးပစ္စည်း၊ အကာအကွယ်သုံး ဝတ်စုံ၊ ဝန်ထမ်းမလုံလောက်မှုများ ကြုံတွေ့ခဲ့ကြ သည်။ အောက်တိုဘာ ၁၆ ရက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ထုတ်ပြန်ချက်အရလူဦးရေ၂၃၉ သန်းကျော် ရောဂါကူးစက်ခံရပြီး လေးသန်းရှစ်သိန်းကျော် သေဆုံးခဲ့သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (ကိုဗစ်၁၉) ကပ်ရောဂါနှင့် ပတ်သက်၍ စိတ်ကျန်းမာရေးနှင့် လူမှုရေးအခြေအနေများနှင့်ပတ်သက်၍ ဆောင်ရွက် -ရမည်များကို ၁၈-၃-၂၀၂၀ တွင် အောက်ပါသတင်း အချက်အလက်များ မျှဝေခဲ့ပါသည်။
ပြည်သူများ အတွက် သတင်းအချက်အလက်
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့နိုင်ငံများစွာ၊ နေရာများစွာတွင် လူမျိုးမရွေး၊ ဘာသာမရွေး ဖြစ်ပွားနိုင် ခြေရှိသည်။ ရောဂါရှိသူကို ကိုဗစ်သားကောင်၊ ကိုဗစ်မိသားစုဟု မသုံးနှုန်းရန်၊ ခွဲခြား ဆက်ဆံခြင်း မပြုရန်၊ ကိုဗစ်ကူးစက်ခံရသူ၊ ကိုဗစ် အတွက် ဆေးကုသမှု ခံယူနေသူဟု သုံးနှုန်းရန်၊ ယုံကြည်ရသည့် သတင်းအရင်းအမြစ်များကို ရှာဖွေ ကြည့်ရှုခြင်းဖြင့် လက်တွေ့ လုပ်ဆောင်ရမည် များကို ပြင်ဆင်နိုင် မည်ဖြစ်သည်။ မိမိကိုယ်ကို ကာကွယ် ရင်း အခြားသူများကို ဝိုင်းဝန်းကူညီခြင်းဖြင့် နှစ်ဦး နှစ်ဖက် အကျိုးရှိစေမည်ဟု မျှဝေခဲ့ပါသည်။
ကျန်းမာရေး လုပ်သားများအတွက် သတင်းအချက် အလက်များ
ကျန်းမာရေးဝန်ထမ်းများသည် မျှော်လင့်မထား သော အဖြစ်အပျက်များကို ကြုံတွေ့ရပြီး ထိုအတွေ့ အကြုံများမှ သင်ခန်းစာယူကာ ပူပန်ကြောင့်ကြမှုများ ကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းဗျူဟာကို အသုံး ပြုခြင်းဖြင့် ယခုအချိန်တွင် အကျိုးရှိစေမည်ဖြစ် သည်။ ပူပန်ကြောင့်ကြမှုများမှ ကင်းဝေးအောင် လုပ်ဆောင်ရမည်မှာ ကိုယ်ကိုယ်တိုင်ဖြစ်သည်။ စိတ်ကျန်းမာရေးသည် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး ကဲ့သို့အရေးပါသည်ကိုသတိပြုရန်၊ လုံလောက်သော အနားယူခြင်း၊ အာဟာရပြည့်ဝအောင် စားသောက် ခြင်း၊ မိသားစု၊ သူငယ်ချင်းများနှင့် ဒစ်ဂျစ်တယ်နည်း ပညာကို အသုံးပြု၍ ဆက်သွယ်ရန်၊ ကိုဗစ် ကာကွယ် ကုသရေးလုပ်ငန်းသည် ရေတိုမဟုတ် ရေရှည် လုပ်ငန်းဖြစ်သည်ဟု ဖော်ပြထားပါသည်။
ကိုဗစ်-၁၉ နောက်ဆက်တွဲများ
ကိုဗစ်-၁၉ ဖြစ်ပြီး ပြန်ကောင်းလာသူများတွင် ၁၀ ယောက်တွင် တစ်ယောက်သည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာလက္ခဏာများ ဆက်လက်ခံစားနေ ကြရသည်။ ပုံမှန်အားဖြင့် ကိုဗစ်လက္ခဏာများသည် သုံးပတ်မှ လေးပတ်ကျော်လျှင် ကောင်းသွားကြပြီး ၁၀ ရာခိုင်နှုန်းလောက်သည် လက္ခဏာများ ဆက်ရှိ နေသေးကြောင်း US Symptom Study တစ်ခုမှ ပြောထားပါသည်။
ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ
အားမရှိခြင်း၊ နုံးခြင်း၊ မောခြင်း၊ ချောင်းဆိုး မပျောက်ခြင်း၊ အနံ့နှင့် အရသာပြန်မရသေးခြင်း၊ မျက်စိကြည့် မကောင်းခြင်း(ဝါးနေခြင်း၊ နှစ်ထပ်ဖြစ် ခြင်း)၊ ရင်တုန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အရေပြား ယားယံခြင်း၊ အဖုအပိမ့်ထွက်ခြင်း၊ အာရုံစူးစိုက်မရ ခြင်း၊ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်းတို့ ဆက်လက် ဖြစ်ပေါ်နေကြပါသည်။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများအိပ်မပျော်ခြင်း၊ ဒေါသကြီးခြင်း၊ စိတ်ဓာတ်ကျ ခြင်း၊ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ အဖော်မဲ့သလို ဖြစ်နေခြင်း၊ စိတ်ဖိစီးခြင်း စသည့် (post traumatic stress disorder) များ တစ်ခုထက်ပို၍ ခံစားရ တတ်သည်။ ကိုဗစ်-၁၉ နှင့် ဦးနှောက်နှင့် အာရုံကြော အခြေအနေများ၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေများ အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ကိုဗစ်လူနာပေါင်း ၂၃၀၀၀၀ ကျော်ကို ခြောက်လကြာ သုတေသနပြု ထားချက်များအရ ကိုဗစ်-၁၉ မှ ပြန်ကောင်းလာသူ တွင် ၃၄ ရာခိုင်နှုန်းသည် ဦးနှောက်နှင့် အာရုံကြော ဆိုင်ရာအခြေအနေ၊ စိတ်ပိုင်းဆိုင်ရာအခြေအနေများ ဖြစ်ပေါ်နေကြောင်း ထုတ်ပြန်ထားပါသည်။ ဦးနှောက်နှင့် အာရုံကြောအခြေအနေတွင် ဦးနှောက် သွေးယိုခြင်း၊ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း၊ မှတ်ဉာဏ်လျော့နည်းခြင်း၊ စဉ်းစား မရခြင်း၊ မူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံစုစည်းမရ ခြင်းများ ဖြစ်ကြကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ ခန္ဓာကိုယ်မှ ဝင်လာသောဗိုင်းရပ်စ်ကို တိုက်ထုတ်ရာ မှ ဖြစ်ပေါ်လာသော ကိုယ်တွင်းတုံ့ပြန်၍ ရောင်ရမ်း ခြင်းနှင့် သွေးကြောများဒဏ်ရာရရှိမှုကြောင့်ဖြစ်ပြီး ယင်းလက္ခဏာများသည် ကိုဗစ်-၁၉မှ ပြန်လည်နေ ကောင်းလျှင် ဝေဒနာများ မရှိကြသော်လည်း အချို့ မှာ ကာလကြာမည်ဖြစ်သည်။
စိတ်ပိုင်းဆိုင်ရာအနေဖြင့် စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း၊ မူးယစ်ဆေး အလွဲသုံးခြင်းများ အများဆုံးဖြစ်သည်ဟု ၂၀၂၁ ခုနှစ် ဧပြီလ ၇ ရက်တွင် ထုတ်ပြန်ထားပါသည်။
ကိုဗစ်-၁၉နှင့် လူမှုရေးပြဿနာများ
ကိုဗစ်-၁၉ ဖြစ်၍ မိသားစုဝင်များ တစ်ဦးမက ဆုံးရှုံးရခြင်း၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများ ဆုံးရှုံးရခြင်း၊ အိမ်ထောင်ဦးစီးဆုံးရှုံး၍ မိသားစု အားကိုးရာမဲ့သွားခြင်း၊ မကျန်းမမာ၍ အလုပ်မလုပ် နိုင်ခြင်း ၊ ကပ်ရောဂါကြောင့် လုပ်ငန်းများ ရပ်ဆိုင်း ၍ဝင်ငွေလျော့နည်းခြင်း၊ အလုပ်လက်မဲ့ဖြစ်သွားခြင်း များကို အများစုမှာ ကြုံတွေ့ခဲ့ကြ၊ ကြုံတွေ့နေရဆဲ ဖြစ်သည်။
စာရေးသူကိုယ်တိုင် ကိုဗစ်ဖြစ်၍ ပြန်ကောင်း လာပြီး နောက်ဆက်တွဲများဖြစ်သော မောခြင်း၊ နုံးခြင်း၊ အိပ်မပျော်ခြင်း၊ ရင်တုန်ခြင်း၊ စိုးရိမ်ခြင်း၊ ထိတ်လန့်ခြင်းများကို တစ်လကြာခံစားခဲ့ရပါသည်။ သူငယ်ချင်း ဆရာဝန် ရှစ်ဦးနှင့် ဆွေမျိုးမိတ်ဆွေများ ကို ဆုံးရှုံးခဲ့ရပါသည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များ
ကူးစက်ကပ်ရောဂါများ ဖြစ်နေချိန်တွင် အောက်ပါအချက်(၄)ချက်ကို လိုက်နာဆောင်ရွက်ရပါမည်။
(၁) ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စား သောက်ရန် (Healthy lifestyle)
ကိုယ်ခံအားကောင်းမွန်ရန် အစားကိုဝင်အောင် စားရမည်ဖြစ်သည်။ အစားအစာ သုံးအုပ်စုဖြစ်သော (အသား၊ ငါး၊ ပဲ၊ နို့)၊ (ဆန်၊ဆီ၊ ပြောင်း၊ ဂျုံ၊ အာလူး) နှင့် (ဟင်းသီးဟင်းရွက် အသီးအနှံများ) စုံလင်စွာ စားရမည်ဖြစ်သည်။ အဆီအဆိမ့်များ၊ သကြား၊ အချိုမှုန့်များ အလွန်အကျွံမစားရန်၊ ပြန်ကြော်ဆီ များ၊ ဆီကြော်အစားအစာများ ရှောင်ရန်နှင့် ဆားနှင့် အငန်ကိုလျှော့စားရပါမည်။ အသီးအရွက်ကို အရက် ပြန်၊ လက်သန့်ဆေးရည်ဖြင့် ဖျန်းခြင်းသည် အဆိပ် အတောက်ဖြစ်စေပြီး ရေသန့်သန့်ဖြင့် ဆေးလျှင် လုံလောက်သည်ဟုကမ္ဘာ့ ကျန်းမာရေး အဖွဲ့ မှရှင်းပြ ထားပါသည်။ ရေများများသောက်ရန်၊ တစ်ကိုယ်ရေ သန့်ရှင်းရေး ပုံမှန်လုပ်ဆောင်ရန်၊ လုံလောက် စွာ အိပ်ရန် (၇ နာရီ) လိုအပ်ပါသည်။ ခုခံအားစနစ်သည် အိပ်ချိန်တွင် ပြန်လည်တည်ဆောက်သဖြင့် အိပ်ရေး ဝအောင်အိပ်ရပါမည်။ အိပ်ခါနီး ဖုန်းကြည့်ခြင်းရှောင်သင့်ပါသည်။
(၂) လေ့ကျင့်ခန်းလုပ်ရန်
လူကြီးများသာမက ကလေးများပါ လှုပ်လှုပ် ရှားရှားနေသင့်ပါသည်။ ငါးနှစ်အောက်ကလေးသည် တစ်ရက်ကို နှစ်နာရီခန့်၊ ငါးနှစ်မှ ၁၇ နှစ်အရွယ် သည် တစ်ရက်ကို တစ်နာရီခန့်၊ ၁၈ နှစ်အထက် သည် တစ်ပတ်လျှင် အနည်းဆုံးမိနစ် ၁၅၀ လှုပ်ရှားမှု လုပ်သင့်ပါသည်။ stay at home ကာလအိမ်တွင်ပင် အလုပ်လုပ်ရသဖြင့် လှုပ်လှုပ်ရှားရှားနေရန်လိုအပ်ပါသည်။ ပေါ့ပါးသော လေ့ကျင့်ခန်းဖြစ်သည့် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း များ လုပ်နိုင်ပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်တွင်းအဆီ ဓာတ်ကို လျော့စေပြီး အဆုတ်အားကောင်း စေပါသည်။ ထို့ပြင် မကူးစက်သောရောဂါ (Non Communicable disease) ကိုလည်း လျှော့ချနိုင်ပါသည်။ နေကောင်းပြီးစတွင် ပြင်းထန်သော လေ့ကျင့်ခန်း မလုပ်သင့်သေးပါ။
(၃) စိတ်ကျန်းမာရေး ဂရုစိုက်ရန်
အိမ်တွင်နေရချိန် စိတ်ကို အနားမပေးသည့် ( အနေဖြင့် ကိုယ်ဝါသနာပါရာ တစ်ခုခုကို လုပ်နေရပါ မည်။ စာရေးခြင်း၊ ပန်းချီဆွဲခြင်း၊ သစ်ပင်စိုက်ခြင်း၊ ချက်ပြုတ်ခြင်း၊ ပန်းထိုးခြင်း၊ သီချင်းနားထောင်ခြင်း စသည်တို့ကို လုပ်ဆောင်နေခြင်းဖြင့် စိတ်ကို အလုပ် ပေးနေရမည်ဖြစ်သည်။ စိတ်ခွန်အားပြည့်မှ မျှော်လင့်ချက်များ ထားနိုင်မည်ဖြစ်သည်။ စိတ်ငြိမ်းချမ်းရန် တရားထိုင်ခြင်း၊ ပုတီးစိပ်ခြင်း၊ အဆိုးမြင် အတွေးချည်းမတွေးဘဲ အကောင်းများလာတော့ မည်ဟုတွေးရန်၊ ဆုံးရှုံးမှုကြောင့် ထိခိုက်နာကျင်နေပါက ယုံကြည်ရမည့်သူကို ဖွင့်ပြောရန်၊ ဆိုရှယ် မီဒီယာသုံးချိန်လျှော့ရန်၊ ယုံကြည်ရသည့် သတင်းအရင်းအမြစ်ကိုသာကြည့်ခြင်းဖြင့် စိတ်ကျန်းမာရေး ကို ကိုယ်ကိုယ်တိုင် တည်ဆောက်ရမည်ဖြစ်ပါသည်။
(၄) ဆေးလိပ်၊ ကွမ်းယာ၊ အရက်ဖြတ်ရန် ဆေးလိပ်သောက်ခြင်းနှင့် ကိုဗစ်-၁၉
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သုတေသနဆွေးနွေးခန်းတွင် ဆွေးနွေးချက်များအရ ဆေးလိပ်သောက်သူတွင် ကိုဗစ်ဖြစ်လျှင် သာမန်သူများထက် ၅၀ ရာခိုင်နှုန်း ဝေဒနာပိုခံစားရနိုင်ပြီး သေဆုံးနိုင်ခြေ ပိုများကြောင်း ဆွေးနွေးထားပါသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးခြင်းကို ဖြတ်လိုက်လျှင် နောက်ဆုံးအကြိမ် စီးကရက်သောက် ပြီး မိနစ် ၂၀ အတွင်း နှလုံးခုန်နှုန်းနှင့် သွေးခုန်နှုန်း ပိုကောင်းလာမည်ဖြစ်ပြီး ယခုအချိန်သည် ဆေးလိပ်ဖြတ်ရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း ဆွေးနွေး ထားပါသည်။
ကွမ်းစားခြင်းနှင့် ကိုဗစ်-၁၉
ကိုရိုနာဗိုင်းရပ်စ်သည် ကိုဗစ်ရောဂါရှိသူ၏ တံတွေးဂလင်းတွင် ခိုအောင်းနေလေ့ရှိပြီး နှာချေ။ ချောင်းဆိုး စကားပြော ရာမှတစ်ဆင့်ထွက်လာသော တံတွေး အစက်အမှုန်များတွင် ရောဂါပိုးအမြောက် အမြား ပါဝင်နိုင်ပါ သည်။ သုတေသန မှတ်တမ်းများအရ ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူ၏တံတွေးသလိပ်တွင် ဗိုင်းရပ်စ်ပါဝင် မှုနှုန်းသည် ၉၁ ဒသမ ၇ ရာခိုင်နှုန်း ရှိသည်ကို တွေ့ရှိရပါသည်။ ၎င်းအစက်အမှုန်များ သည် အနီးကပ်ထိတွေ့သူ၏ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့မှတစ်ဆင့် တိုက်ရိုက်ထိရောက်ခြင်း၊ အစက်အမှုန်များ တင်ကျန်ရစ်သည့် အရာဝတ္ထု မျက်နှာပြင်ကို ထိကိုင်သောလက်မှတစ်ဆင့် ရောဂါ ကူးစက်ခံရနိုင်ပါသည်။ သို့ဖြစ်ပါ၍ ကိုဗစ်-၁၉ ဖြစ်ပွားမှုအား ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ် နိုင်ရန် စည်းကမ်းမဲ့ တံတွေး၊ သလိပ်ထွေးခြင်း၊ ကွမ်းသွေးထွေးခြင်းတို့ကို လုံးဝရှောင်ကြဉ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတိပေးထား ပါသည်။
ကိုဗစ်-၁၉ နှင့် ကာကွယ်ဆေး
ကာကွယ်ဆေးထိုးနှံခြင်းနှင့် ပတ်သက်၍ အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကုသရေး ဗဟိုဌာန (CDC) မှ ၂၀၂၁ စက်တင်ဘာ ၁၀ ရက် တွင် သုတေသနတွေ့ရှိချက်တစ်ခုကို ထုတ်ပြန်ထား ပါသည်။ ဒယ်လ်တာကဲ့သို့ ကူးစက်မြန်ပြင်းထန်သည့် ဗိုင်းရပ်စ်မျိုးကွဲများ ပြန့်ပွားနေချိန်တွင် ကာကွယ် ဆေးထိုးထားသူသည် မထိုးထား သူထက် ရောဂါ ကူးစက်မှု ငါးဆလျော့နည်းသည်။ ရောဂါပြင်းထန်၍ ဆေးရုံတက်ရမှုကို ၁၀ ဆ အထက်၊ သေဆုံးမှုကို ၁၀ ဆအထက် လျှော့ချပေးနိုင်သည်ဟု ဆိုထားပါသည်။ လေ့လာထားချက်များအရ ရောဂါဖြစ်ပွား မှု၏ ၉၂ ရာခိုင်နှုန်း၊ ဆေးရုံတက်ရမှု၏ ၉၂ရာခိုင်နှုန်းသည် ကာကွယ်ဆေးမထိုးရသူများဖြစ်သည်။ သေဆုံးမှု၏ ၉၁ရာခိုင်နှုန်းသည်ကာကွယ်ဆေးမထိုးထားသူများ နှင့် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးထားသူများ ဖြစ်သည်ဟု ထုတ်ပြန်ထားပါသည်။ ကိုဗစ်ရောဂါ ကူးစက်ခံထားရပြီးလျှင်လည်း ကာကွယ်ဆေး ထိုးရန် လိုအပ်ပါသည်။ ကိုဗစ်ကာကွယ်ဆေးထိုး၍ ထွက်လာသော ခုခံအားပဋိပစ္စည်း(Antibody)သည် ကိုဗစ်ပိုးဝင်ရောက်၍ ထွက်လာသော ပဋိပစ္စည်း ထက် ပို၍ကာကွယ်မှုကို ရသောကြောင့်ဖြစ်သည်။ ကာကွယ်ဆေးကို နှစ်ကြိမ်ပြည့် အောင်ထိုးပြီး နှစ်ပတ်ခန့်ကြာမှ ကာကွယ်မှုကို ရမည်ဖြစ်သည်။ ကာကွယ်မှုရမှ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။
အစာလည်းဆေး ဆေးလည်းအစာ
ကိုဗစ်-၁၉ တတိယအကျော့တွင် ဗီတာမင်စီ၊ ဗီတာမင်ဒီ၊ ဇင့်(သွပ်) စသောအားဆေးများကို သောက်သည်များ ရှိသည်။ အချို့ဆေးများ ဈေးကြီး ပေးဝယ်ရပြီး အချို့ဆေးများ ဝယ်မရသည်များရှိ သည်။ လိမ္မော်သီး၊ သံပရာသီး၊ ခရမ်းချဉ်သီး၊ ပင်မှည့် သီး၊ နာနတ်သီး၊ ဆီးဖြူသီးနှင့် ချဉ်သော အရသာရှိသော အသီးများကို စားခြင်းဖြင့် ဗီတာမင်စီရမည် ဖြစ်သည်။ ဗီတာမင်ဒီသည် ကြက်ဥ၊ တိရစ္ဆာန် အသည်း၊ ဒိန်ချဉ်၊ နွားနို့နှင့် အစေ့အဆန်များတွင် ပါရှိသည်။ နေရောင်ခြည်နုနုမှလည်း ရရှိသည်။ ဇင့်(သွပ်)သည် နှမ်းစေ့၊ ဖရုံစေ့၊ အနီရောင်အသား၊ ကမာကောင်၊ သီဟိုဠ်စေ့၊ ကညွတ်၊ ဥအမျိုးမျိုး၊ ဟင်းနုနွယ်၊ ပဲအမျိုးမျိုး၊ အခွံမာအသီး၊ အစေ့အဆန် များတွင် ပါရှိသည်။ ဗီတာမင်ပါသော ဟင်းသီး ဟင်းရွက် အသီးအနှံများကို စားခြင်းဖြင့် ရောဂါ ကာကွယ်သော ဓာတ်ကိုရရှိမည်ဖြစ် သည်။
အိမ်တွင်နေထိုင်ရန် (stay at home) ကို ကန့်သတ်မှုအဖြစ် မယူဆဘဲ ကိုယ်လုပ်ချင်သော အရာများကို လုပ်ကိုင်နိုင်သည့် အခွင့်အရေးတစ်ခု အဖြစ် ရှုမြင်လိုက်လျှင် အကျိုးရှိမည်ဖြစ်သည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်းသည်ဆိုသည့်အတိုင်း ပါးစပ်၊ နှာခေါင်းစည်းသည် အသက်ရှူစက်ထက် ပိုကောင်းသည်။ မိမိအိမ်သည် အရေးပေါ်ခန်းထက် ပိုကောင်းသည်ကို သတိချပ်ရ မည်ဖြစ်သည်။
အထက်တွင် ဖော်ပြထားသည့်အတိုင်း ကျန်းမာသည့်လူနေမှုဘဝပုံစံ (Healthy lifestyle) နှင့် နေထိုင်ခြင်း၊ စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်း၊ ကိုဗစ်စည်းကမ်းချက်များကို အသိသတိဖြင့် တိကျစွာ လိုက်နာဆောင် ရွက်ခြင်းနှင့် ကာကွယ် ဆေးကို အကြိမ်ပြည့် ထိုးနှံထားမည်ဆိုလျှင် ကိုဗစ် ၁၉ ရောဂါလို ကူးစက်ရောဂါများကို ကြံ့ကြံ့ခံကျော် ဖြတ်နိုင်မည်ဖြစ်သည်။ ကျန်းမာရေးအရ လုံခြုံ စိတ်ချသူတစ်ဦး ဖြစ်လာမည်။ ထိုအချက်များကို တစ်ယောက်ချင်းစီမှ မိသားစု၊ တစ်ရပ်ကွက်လုံးမှ တစ်နိုင်ငံလုံး လိုက်နာကျင့်သုံးကြခြင်းဖြင့် ကိုဗစ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်နိုင်မည်ဖြစ်ပါသည်။
ကိုးကား
WHO Website (6) months neurological and psychiatric outcomes by lancet psychiatry
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များအကြောင်း အစီအစဉ် (နိုင်ငံထုတ်သတင်းစာများ)