Skip to main content

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ ဆွေးနွေး

 

နေပြည်တော် အောက်တိုဘာ ၂၅

 

အကြိမ် (၂၀)မြောက် အာဆီယံအဆင့်မြင့် ဥပဒေ အရာရှိကြီးများ အစည်းအဝေး (ASLOM)ကို ယနေ့ နံနက်ပိုင်းမှစတင်၍ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပလျက်ရှိသည်။ အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီး ဌာနမှ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေးအလှည့်ကျဥက္ကဋ္ဌအနေဖြင့် တက်ရောက်ပြီး ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် နှင့်အတူ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ကြပြီး အာဆီယံ ၁၀ နိုင်ငံမှ အဆင့်မြင့် ဥပဒေအရာရှိကြီးများလည်း တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယဝန်ကြီးနှင့် ဒုတိယ ရှေ့နေချုပ် ဦးစန်းလွင်က (၁၉) ကြိမ်မြောက် ASLOM အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူစဉ် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူ အညီပေးရေးအပေါ် ဗဟိုအာဏာပိုင်အဖွဲ့များ၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး (SOMMLAT) နှင့် ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေး ဗဟိုအာဏာပိုင် အဖွဲ့များ၏ အာဆီယံဝန်ကြီးများ/ ရှေ့နေချုပ်များ အစည်းအဝေး (AMAG-MLAT) နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို အတည်ပြုနိုင်ခဲ့ကြောင်း၊ ယင်းကိစ္စရပ်များသည် အာဆီယံအဆင့်မြင့် ဥပဒေအရာရှိကြီးများ အစည်းအဝေး (ASLOM) ၏ ဆောင်ရွက်ချက်များအနက် အောင်မြင်မှု ဖြစ်ပါကြောင်း၊ တရားခံ လွှဲပြောင်းရေး သဘောတူစာချုပ်၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလက ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အသိုက်အဝန်း အပါအဝင် အာဆီယံကဏ္ဍအသီးသီးမှ ကျင်းပခဲ့သည့် များစွာသော အစည်းအဝေးများတွင် ပါဝင်ခဲ့ပါကြောင်း၊ ဆွေးနွေးပြောကြားပြီး (၁၉)ကြိမ်မြောက် ASLOM အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အကြိမ် (၂၀)မြောက် ASLOM အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် မလေးရှားနိုင်ငံ ရှေ့နေချုပ်ရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

အဆိုပါ အစည်းအဝေးတွင် အာဆီယံတရားခံ လွှဲပြောင်းရေး သဘောတူစာချုပ်၏ ဖြစ်ပေါ် တိုးတက်မှုကိစ္စ၊ အာဆီယံအစိုးရဥပဒေ အရာရှိများနှင့် စပ်လျဉ်းသည့်ကိစ္စ၊ အာဆီယံဥပဒေသတင်း အချက်အလက်ဆိုင်ရာ အာဏာပိုင်အဖွဲ့နှင့် စပ်လျဉ်းသည့်ကိစ္စ၊ ASEAN Government Law Directory အာဆီယံကုန်သွယ်ရေးဥပဒေ လိုက်လျောညီထွေ ဖြစ်စေရေးကိစ္စ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အပြစ်ကျတရားခံ အပြန်အလှန် လွှဲပြောင်းပေးရေး ကိစ္စ၊ ပြစ်မှုတားဆီးကာကွယ်ရေးနှင့် ပြစ်မှုတရား စီရင်ရေးကိစ္စ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား တရားမနှင့် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေဆိုင်ရာ အပြန်အလှန် အကူအညီပေးရေးကိစ္စ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအကြား ဥပဒေဖြင့် အသက်မွေး ဝမ်းကျောင်းပြုသူများနှင့် စပ်လျဉ်းသည့်ကိစ္စ၊ အာဆီယံဥပဒေပညာရှင်များအသင်းနှင့် စပ်လျဉ်းသည့် ကိစ္စ၊ ပြစ်မှုဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန် အကူအညီပေးရေးစာချုပ်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်းနှင့် အစည်းအဝေးကို အောက်တိုဘာ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်