ပြင်ဦးလွင် အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်သန်းသည် စဉ့်ကူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးနေလင်းနှင့် ဝန်ထမ်းများနှင့်အတူ စဉ့်ကူးမြို့နယ် ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး၊ ငါးသယံဇာတ ထိန်းသိမ်းရေးနှင့် ဘက်ထရီရှော့တိုက် ငါးဖမ်းဆီးမှု မရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ ရေလုပ်သားများအား အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို အောက်တိုဘာ ၂၃ ရက်က ဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် မြစ်ကမ်းကြီးကျေးရွာနှင့် ကြက်တူရွေး ကျေးရွာများသို့သွားရောက်၍ ရေလုပ်သားများအား ငါးသယံဇာတ ထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်း၊ ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေခြင်းများကို ဆောင်ရွက်ပြီး အင်းဒေါင်းကျေးရွာရှိ ဧရာဝတီလင်းပိုင်ကြည့် ခရီးသွားဧည့်သည်များ တည်းခိုနိုင်သည့် ကျေးရွာလူထုအခြေပြု တည်းခိုဆောင်သို့သွားရောက်၍ သန့်ရှင်း သာယာလှပရေးနှင့် လုပ်ငန်းဆောင်ရွက်မှုများကို ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်