Skip to main content

အင်းလေးကန်နှင့် အင်းတော်ကြီးကန်အား ဇီဝအဝန်းနယ်မြေနှစ်ခုအဖြစ် ယူနက်စကို အသိ အမှတ်ပြု

ရန်ကုန် အောက်တိုဘာ ၂၂

လူနှင့်သဘာဝနယ်မြေကို ထိန်းညှိထားသော မြန်မာနိုင်ငံ၏ခရီးသွားလုပ်ငန်းကို ဆွဲဆောင် လျက်ရှိသည့် အင်းလေး ကန်နှင့်အင်းတော်ကြီးကန်အား ဇီဝအဝန်းနယ်မြေနှစ်ခုအဖြစ် ယူနက်စ ကိုက အသိအမှတ်ပြုထားကြောင်း သိရသည်။

 

သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းကို ကမ္ဘာ့နိုင်ငံများအနေဖြင့် နိုင်ငံ၏ဝင်ငွေတစ်ခု အဖြစ် အပြိုင်အဆိုင်ဖော် ဆောင်ခဲ့ကြရာ ကိုဗစ်-၁၉ ရောဂါ ကြုံတွေ့ရသော ကာလတွင်လည်း ရောဂါကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများဖြင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေအချို့ ရရှိခဲ့ကြ သည်။ ခရီးသွားလုပ်ငန်း၏ အဓိကအသက်သွေးကြောဖြစ်သော ဇီဝမျိုးစုံမျိုးကွဲ များနှင့် ဂေဟစနစ်များ ထိန်းသိမ်းထားရှိရာ ဇီဝအဝန်းနယ်မြေနှစ်ခုတွင် နေထိုင်သော ဒေသခံတို့၏ လူမှုရေး နှင့် စီးပွား ရေးကဏ္ဍများ ရေရှည်တည်တံ့ ခိုင်မြဲစေလျက် ထိုဒေသ၏ဂေဟစနစ်များ ဖွံ့ဖြိုး တိုးတက်မှုကို ဝိုင်းဝန်းထိန်းသိမ်း၍ လူနှင့်သဘာဝ သဟဇာတဖြစ်တည်မှုကို ပေါင်းစည်း ပေးခြင်းဖြင့် အင်းလေးကန်နှင့် အင်းတော်ကြီးကန်တို့၏ ဇီဝအဝန်းနယ်မြေနှစ်ခုကို ဆက်လက် ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်။ ။

 

အောင်မြင်သောလုပ်ငန်းတစ်ခု

 

လူသားနှင့်ဇီဝအဝန်းနယ်မြေအစီအစဉ်သည် ယူနက်စကို၏ အောင်မြင်သောလုပ်ငန်းတစ်ခု ဖြစ်ပြီး ထိုအစီအစဉ်တွင် ပါဝင်သောနိုင်ငံများအနေဖြင့် မိမိတို့ နိုင်ငံ၏ ဇီဝအဝန်းနယ်မြေများ ရေရှည်တည်တံ့စေရန်နှင့် တစ်နိုင်ငံနှင့်တစ်နိုင်ငံ၏ အတွေ့ အကြုံများမျှဝေခြင်း၊ သဘာဝဇီဝ အဝန်း နယ်မြေများ ထိန်းသိမ်းထားရှိမှု အသိပညာမျှဝေခြင်း၊ လူသားတို့ သဘာဝနယ်မြေများကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်ရေးတို့ကို ဆွေးနွေးလေ့ရှိသည်။

 

အင်းလေးကန်နှင့် အင်းတော်ကြီးကန်သည် အာရှသာမက ကမ္ဘာကပါစိတ်ဝင်စားသော ခရီးသွား များလေ့လာရာ ဇီဝအဝန်းနယ်မြေများဖြစ်ပြီး ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော သဘာဝ ထိန်း သိမ်းရေးနယ်မြေဖြစ်သည်။ အထူးသဖြင့် အင်းလေးကန်သည် အာဆီယံအမွေ အနှစ် ဥယျာဉ်၊ အပြည်ပြည်ဆိုင်ရာ လူသားနှင့်ဇီဝအဝန်းနယ်မြေနှင့် အင်းလေးကန် ရမ်ဆာရေဝပ် သလည်းဖြစ်သည်။ အင်းလေး ကန်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သဘာဝအခြေခံ များကောင်း မွန်ရေးအတွက် သက်ဆိုင်ရာဆက်စပ် ဌာနများနှင့် အဖွဲ့အစည်းအသီးသီးတို့ ပူးပေါင်း အင်းလေး ကန် ဇီဝအဝန်းနယ်မြေအတွက် အထူး အရေးပါလျက်ရှိသည်။

 

အတူယှဉ်တွဲနေထိုင်နိုင်တဲ့စနစ်

 

“လူသားနဲ့ဇီဝအဝန်းနယ်မြေဆိုတာ သဘာဝတရား နဲ့လူသားတွေ ညီညီညွတ်ညွတ် မျှမျှတတ အတူ ယှဉ်တွဲနေထိုင် နိုင်တဲ့စနစ်ကို ကျင့်သုံးတဲ့ဧရိယာကို ဆိုလိုတာပါ။ အင်းလေးကန် ထိန်းသိမ်းဖို့ဆိုရင် သစ်တောဌာနတစ်ခုတည်းမဟုတ်ဘဲ အဲဒီဒေသမှာ နေထိုင်ကြတဲ့ သူတွေ သာမက နိုင်ငံသားအားလုံး ထိန်းသိမ်းစောင့်ရှောက်ရမှာပါ။ အင်းလေးကန် ဟာ ဇီဝမျိုး စုံမျိုးကွဲတွေ၊ ရေနေသတ္တဝါမျိုးစိတ်တွေ ရှိသလို လူတွေလည်းနေထိုင်ကြတယ်။ လူတွေအနေ နဲ့ဇီဝမျိုးစုံမျိုး ကွဲနဲ့ရေသံသရာမျိုးစိတ်စတဲ့ ဂေဟစနစ်တွေ မပျက်စီးအောင်ထိန်းသိမ်းတာဟာ ခရီး သွားလုပ်ငန်းဖွံ့ဖြိုးမှုကို အထောက် အပံ့ဖြစ်စေတဲ့အတွက် ဒေသခံတို့ရဲ့ လူမှုစီးပွားကို သာမက နိုင်ငံအတွက်လည်း ခရီးသွားလုပ်ငန်းက ဝင်ငွေရရှိစေတာ ကြောင့် ဇီဝအဝန်း နယ်မြေ ကို ကမ္ဘာ့နိုင်ငံတွေက သက်ဆိုင်ရာနိုင်ငံအလိုက် ထိန်းသိမ်းနေကြပါတယ်။ ဇီဝဂေဟ စနစ်ဟာ သဘာဝနဲ့လူသားကို အပြန်အလှန်ချိတ်ဆက်နေတာဖြစ်တာကြောင့် မြန်မာနိုင်ငံ အတွက်လည်း တန်ဖိုးဖြတ် လို့မရတဲ့ ဇီဝအဝန်းနယ် မြေနှစ်ခုကို ယူနက်စကိုက အသိအမှတ်ပြုထားတာ ဟာ နိုင်ငံအတွက် ဂုဏ်ယူစရာပါ ဟု နတ်မတောင် အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်း က ပြောကြားသည်။ ။

 

ခရီးသွားလုပ်ငန်းများကို ဆွဲဆောင်လျက်ရှိ

 

သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းများကို ဆွဲဆောင်လျက်ရှိသည့် ဇီဝအဝန်းနယ်မြေများ မြန်မာနိုင်ငံတွင်များစွာ တည်ရှိလျက်ရှိရာ ဇီဝအဝန်းနယ်မြေအဖြစ် ယူနက်စကိုမှ အသိ အမှတ် ပြုရန် အင်းလေးကန်နှင့် အင်းတော်ကြီး ကန်အတွက် ၂၀၁၃ ခုနှစ်တွင် အဆိုပြုလွှာတင်ခဲ့ရာ အပြည်ပြည်ဆိုင်ရာ ကော်မတီ(JCC)မှ စစ်ဆေး၍ သုံးနှစ်အကြာတွင် ဇီဝအဝန်းနယ်မြေအဖြစ် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။

ဇီဝအဝန်းနယ်မြေပေါင်း ၇၂၇ခုရှိ

 

ယနေ့အထိ ကမ္ဘာ့နိုင်ငံတို့ရှိ နိုင်ငံပေါင်း ၁၃၁ နိုင်ငံတွင် ဇီဝအဝန်းနယ်မြေပေါင်း ၇၂၇ခုရှိပြီး အာရှတွင်ရှိသော နိုင်ငံများ လည်းပါဝင်သည်။ မြန်မာနိုင်ငံ အနေဖြင့် ဇီဝအဝန်း နယ်မြေ နှစ်ခုဖြစ်သော အင်းလေးကန်နှင့် အင်းတော်ကြီးကန်တို့ ပါဝင်လျက် ရှိရာ မြန်မာနိုင်ငံနှင့် ထိစပ်နေသော နိုင်ငံဧရိယာ အချို့တွင်လည်း ဇီဝအဝန်းနယ်မြေများကို ထိန်းသိမ်း စောင့်ရှောက် လျက်ရှိသည်။ ကမ္ဘာ့နိုင်ငံတို့၌ နိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေသော ဇီဝအဝန်းနယ်မြေ ၂၂ ခုရှိပြီး မြန်မာ နိုင်ငံ၏ ခရီးသွားလုပ်ငန်းကို အစဉ် ဆွဲဆောင်လျက်ရှိသော ဇီဝအဝန်းနယ်မြေနှစ်ခုကို ယူနက်စကိုမှ အသိအမှတ်ပြု ထားမှုသည် နိုင်ငံ အတွက် ဂုဏ်တင့်လျက်ရှိကြောင်း သိရသည်။

ညိမ်းသူ (သတင်းစဉ် )၊ဓာတ်ပုံ - ကနူး