နေပြည်တော် အောက်တိုဘာ ၂၁
(၁၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (16th ASEAN Ministerial Meeting on Environment - 16th AMME and Related Meetings) ကို ယနေ့နံနက် ၈ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် ဗွီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် (၁၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး အလှည့်ကျသဘာပတိ အင်ဒိုနီးရှားနိုင်ငံမှ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများက နိုင်ငံအလိုက် ဆွေးနွေးပြောကြားကြရာ ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီက “One vision, One identity, One community” ဟူသော အာဆီယံအသိုက်အဝန်း ၂၀၂၅ မျှော်မှန်းချက်များနှင့်အတူ အောင်မြင်မှုသမိုင်း မှတ်တိုင်အနေဖြင့် ရေရှည်လက်တွဲ ဆောင်ရွက်မှုကို အထူးဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ စက်မှုလုပ်ငန်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုများ၊ ရာသီဥတုပြောင်းလဲမှုများသည် စိန်ခေါ်မှုဖြစ်ပြီး ရှင်သန်နေထိုင်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုတို့ကိုပါ ထိခိုက်စေပါကြောင်း၊ အာဆီယံဒေသတွင်း ထူးခြားသော ဂေဟစနစ်များနှင့် လူနေမှုစနစ်မြင့်မားလာစေရန်အတွက် သစ်တောများ၊ ဒေသမျိုးရင်း အပင်များနှင့် တိရစ္ဆာန်များ၊ သတ္ထုတွင်းထွက်ပစ္စည်းများ၊ စိမ့်မြေများနှင့် အဏ္ဏဝါအရင်း အမြစ်များသည် မရှိမဖြစ် လိုအပ်ပြီး အဆိုပါသဘာဝသယံဇာတနှင့် ဂေဟစနစ်များ ယိုယွင်းပျက်စီးမှုကို ကာကွယ်တားဆီးရန် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများသည် အရေးကြီးပါကြောင်း၊ ဒေသတွင်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ သန့်ရှင်း၍ စိမ်းလန်းသော အာဆီယံဟူသည့် အာဆီယံ မျှော်မှန်းချက်အား ရရှိစေရန် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသောအခန်းကဏ္ဍ တစ်ရပ် ဖြစ်ပါကြောင်း။
ယခုအစည်းအဝေးသည် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေးအတွက် နယ်ပယ်သစ်များ ဖော်ထုတ်နိုင်မည့် မဟာဗျူဟာမြောက် ပလက်ဖောင်းတစ်ခု လည်းဖြစ်ပါကြောင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ ရေရှည်တည်တံ့မှုသည် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် တွင် အဓိကမဏ္ဍိုင် တစ်ခုဖြစ်သဖြင့် မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ မူဝါဒနှင့် မဟာဗျူဟာ၊ အမျိုးသားအဆင့်ဇီဝမျိုးစုံ မျိုးကွဲဆိုင်ရာ မဟာဗျူဟာ လုပ်ငန်းစီမံချက်နှင့် မြန်မာနိုင်ငံ အမျိုးသားအဆင့်စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာများရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပတ်ဝန်းကျင်ကို အထောက်အကူပြုသည့် ရင်းနှီး မြှုပ်နှံမှုများ မြှင့်တင်နိုင်ရန် အစိမ်းရောင်စီးပွားရေးချဉ်းကပ်မှုသည် ဒေသတွင်းကိုဗစ်-၁၉ အလွန်ပြန်လည် ထူထောင်ရေးဆိုင်ရာ အခွင့်အလမ်းကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ အာဆီယံဒေသတွင်း၌ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပိုမိုနီးကပ်စွာ အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ အစည်းအဝေးအစီအစဉ်အရ အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအဖွဲ့၏ အလှည့်ကျ သဘာပတိအဖြစ် မြန်မာနိုင်ငံမှ တာဝန်ရှိသူများက ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ ပင်လယ်ကမ်းရိုးတန်း ထိန်းသိမ်းရေး၊ ရေသယံဇာတ ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသောမြို့ကြီးများ၊ ဓာတုစွန့်ပစ်ပစ္စည်းများ၊ ပတ်ဝန်းကျင်ဆိုင်ရာပညာပေးရေး၊ ထုတ်လုပ်မှုနှင့် စားသုံးမှုကိစ္စရပ်များဆိုင်ရာ အစီရင်ခံစာများနှင့် ရလဒ်များအားတင်ပြခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ကြသည်။
ယင်းနောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အာဆီယံပူးတွဲကြေညာချက်၊ အာဆီယံ-တရုတ် အစိမ်းရောင်နှင့် ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပူးတွဲကြေညာချက်၊ ဓာတုပစ္စည်းနှင့် စွန့်ပစ် ပစ္စည်းများစီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံပူးတွဲကြေညာချက်၊ အာဆီယံဇီဝ မျိုးစုံမျိုးကွဲဆိုင်ရာ ပူးတွဲ ကြေညာချက်၊ ပလတ်စတစ် ညစ်ညမ်းမှုတိုက်ဖျက်ရေး ဆောင်ရွက်မှု အစီအစဉ်၊ အာဆီယံဒေသတွင်း ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာ တင်သွင်းခြင်းနှင့် ရေရှည်တည်တံ့ သောစားသုံးမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ သဘောတူညီချက်တို့ကို အတည်ပြုခြင်းများ ဆောင်ရွက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၅) ကြိမ်မြောက် ပတ်ဝန်းကျင်ဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးသော မြို့ကြီးများဆု (Environmentally Sustainable Cities Award- ESC Award) ချီးမြှင့်ခြင်း အစီအစဉ်ကိုတက်ရောက်ခဲ့ပြီး အာဆီယံနိုင်ငံအလိုက် ဆုချီးမြှင့်ခဲ့ရာတွင် မြန်မာနိုင်ငံမှ “ညောင်ဦးမြို့”က အဆိုပါဆုကို ရရှိခဲ့သည်။
(၁၆) ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ၊ အာဆီယံ+၃ ဝန်ကြီးအဆင့် အစည်းအဝေးများကို အောက်တိုဘာ ၂၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)