Skip to main content

သီတင်းကျွတ်ကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ပြည်တောင်တန်းတောရကျောင်းတိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသနှင့် စစ်ကိုင်းတောင်ရိုးတို့ရှိ ဆရာတော်/ သံဃာတော်များ၊ သီလရှင်များနှင့် ကပ္ပိယများအား ကျန်းမာရေးဝန်ကြီးဌာနမှကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာလ ၂၀

 

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည် အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအလိုက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် လျက်ရှိရာ သီတင်းကျွတ်ရက်မြတ်ကာလအတွင်း သာသနာ့နွယ်ဝင် ဦးတည်အုပ်စုဖြစ်သည့် ဆရာ တော်/ သံဃာတော်များ၊ သီလရှင်များနှင့် ကပ္ပိယများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး နေမှုများကို အရှိန်အဟုန်မပျက်ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ် ဆံတော်ရပ်ကွက်ရှိ ဇောတိကာရုံ ပါဠိတက္ကသိုလ်ဆေးထိုးစုရပ်နှင့် နဝဒေးရပ်ကွက်ရှိ ဝင်္ဂဘာ တောရကျောင်းတိုက်ဆေးထိုးစုရပ်တို့၌ ပြည်တောင်တန်းတောရကျောင်းတိုက်ပေါင်း(၆၆၇) တိုက်ရှိ ဆရာတော်/သံဃာတော် (၁,၆၉၁)ပါး၊ သီလရှင်(၅၆၃)ပါးနှင့် ကပ္ပိယ (၁,၀၈၃) ဦးတို့ကို ကျန်းမာရေးဝန်ကြီးဌာနမှကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာ ပဲခူးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ နယ်မြေခံ တပ်မတော်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ များလာရောက် ကြည့်ရှုအားပေးကြပြီး ဆေးထိုးစုရပ်ရှိ တာဝန်ထမ်းဆောင်နေသည့်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်သည်။

 

အလားတူ စစ်ကိုင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မင်းကွန်းဒေသနှင့် စစ်ကိုင်းတောင်ရိုးတို့တွင် သတင်းသုံးတော်မူသော ရဟန်းသံဃာများနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို သီတင်းကျွတ်ရက်မြတ် ကာလအတွင်းတွင် ဆက်လက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၅ ရက်အထိ သာသနာ့ဝန်ထမ်း အပါး (၃,၆၀၀) ကို ဆေးထိုးနှံပေးခဲ့ပြီး သီတင်းကျွတ် လပြည့်နေ့နှင့် အဖိတ်နေ့များဖြစ်သော အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့ တွင် သီတဂူ သံဃာ့ဆေးရုံနှင့် မင်းကွန်းဒေသ၊ စစ်ကိုင်းချောင်တို့မှ စုစုပေါင်း အပါး (၁၉၀) ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

 

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာနသည် သာသနာ့နွယ်ဝင် ဦးတည်အုပ်စုများ ဖြစ်သည့် ဆရာတော်/ သံဃာတော်များ၊ သီလရှင်များနှင့် ကပ္ပိယများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကို တစ်နိုင်ငံလုံးတွင်အရှိန်အဟုန်မြှင့်တင်၍ ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါကြောင်း သိရသည်။

 

(သတင်းစဉ်)