နေပြည်တော် အောက်တိုဘာ ၂၀
သီတင်းကျွတ်လပြည့်နေ့သည် မြတ်စွာဘုရားရှင်တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာ တရားတော်ကို ဝါတွင်းသုံးလ ဟောကြားခြင်း ပြီးမြောက်သောနေ့၊ နတ်ဗြဟ္မာအပေါင်းတို့ ခြံရံလျက် တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ ဗြဟ္မာ နတ်လူ သုံးဘုံလူတို့ မြတ်စွာဘုရားအား ကြည်ဖြူကော်ရော် ပူဇော်သောနေ့၊ လောကဝိဝရဏ တန်ခိုး တော်ကြောင့် စကြဝဠာတစ်ဝန်းလုံးကို တိုးလျှိုပေါက်မြင်ကြရသောနေ့ စသောဂုဏ် ထူးဝိသေသတို့ဖြင့် အထူးတလည်ပြည့်စုံသော နေ့ထူးနေ့မြတ်ဖြစ်သည်။
အဆိုပါ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက် တည်ခြင်း၊ ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ သက်ကြီးရွယ် အိုများနှင့် မိဘဘိုးဘွားများအား ကန်တော့ခြင်း၊ ကုသိုလ် ဒါနသီလပွားများ ခြင်း စသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ် ဆောင်ရွက်ကြလေ့ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ ဗုဒ္ဓဂါယာ (နေပြည်တော်)၊ မဟာသကျရံသီရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင်ရွှေလက်လှ စေတီတော်၊ ဓါတုစယဓါတ်ပေါင်း စုစေတီတော်၊ ထာဝရငြိမ်းချမ်းရေးစေတီ၊ လှေခွင်း တောင်တန်ခိုးကြီးဘုရား၊ ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့်လော ကမာရဇိန်စေတီ တော်၊ သံသရာငြိမ်းအေးစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ်စေတီ၊ ဖောင် တော်ချက်မစေတီ၊ လက်လုပ်တောင်စေတီ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများနှင့် ကျောင်းကန်ဇရပ်များတွင် ယနေ့နံနက်ပိုင်းမှ စတင်ကာ ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်းမိသားစုများ၊ ပတ်ဝန်းကျင် ဒေသများမှ ဘုရားဖူးလာရောက် ကြသူများသည် တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူ ဇော်ခြင်း၊ တရားသဘင်များ ကျင်းပခြင်း၊ ဆရာတော်သံဃာတော် များအားဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ စတုဒီသာကျွေးမွေးလှူဒါန်ခြင်း စသည့်ကုသိုလ် ပြုမှုများဖြင့် စည်းကားလျက်ရှိသည်ကို တွေ့ရသည်။
ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးသို့ ဘုရားဖူးလာရောက်သည့် မောင်ပြည့်ဖြိုးအောင် က “ ဒီနေ့က ရုံးပိတ်ရက်လည်းဖြစ်တော့ သူငယ်ချင်းတွေနဲ့အတူ ဥပ္ပါတသန္တိစေတီ တော်မြတ် ကြီးကို လာရောက်ဖူးမြှော်တာပါ။ ဘုရားရင်ပြင်တော်ကို သန့်ရှင်းရေးလုပ်တယ်၊ တံမြက်စည်း လှည်းတယ်။ ဒီနေ့မနက်ပိုင်းမှာ ရန်အောင်ချမ်းသာဘုရားကြီးကို ဆက်ပြီးတော့ သွားရောက် ဖူးမြော်မှာပါ။ ညနေပိုင်းမှာတော့ ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီး ရပ်ကွက် ထဲမှာရှိတဲ့ ဘုရားကို ဆီးမီး ၁၀၀၀ ပူဇော်မှာ ဖြစ်ပါတယ်။ အချိုရည်နဲ့ အအေးစတဲ့အလှူ လည်း လုပ်ဖို့ရှိ ပါတယ်။ ညပိုင်းမှာတော့ ရပ်ကွက်ထဲမှာရှိတဲ့ သက်ကြီး ရွယ်အို၊ မိဘဘိုးဘွား တွေ နဲ့ဆရာ သမားတွေကို သွားပြီးကန်တော့မှာပါ။ မြန်မာနိုင်ငံအတွင်းနေထိုင်ကြတဲ့ ပြည်သူ တွေနဲ့ ပြည်ပမှာရောက်ရှိနေကြတဲ့ ပြည်သူတွေအားလုံး ကိုဗစ်-၁၉ ရောဂါဆိုးကြီးကို ကျော်လွှားပြီး ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်” ဟု ပြောသည်။
ထို့ပြင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပရဝုဏ်အတွင်းရှိ ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၌ ဆင်စာကျွေးကြသူများ၊ နိဗ္ဗာန်ကုန်ဆိုင်များနှင့် အမှတ် တရပစ္စည်းအရောင်းဆိုင်များတွင်လည်း ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။
“သီတင်းကျွတ်လပြည့်နေ့က ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ဒီလို နေ့ရက်မှာ ဘုရားကိုလာပြီး ဘုရားရှင်ကို သက်ရှိ ထင်ရှားမဖူးမြော်လိုက်ရပေမယ့်လည်း သက်ရှိထင်ရှားရှိသလို စိတ်ကရည်မှန်းပြီး ဖူးမြော် လိုက်ရအတွက် ထူးခြားတဲ့ခံစားမှုမျိုး ခံစားရပါတယ်။ လာရောက်ဖူးမြော်ကြတဲ့ လူတိုင်း လည်း ဒီလိုခံစားရမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့ ပြည်သူတွေအားလုံး ကပ်ကြီးသုံးပါးကိုကျော်လွှားပြီး ကျန်းမာ ရေး၊ လူမှုရေး၊ စီးပွားရေးတွေ အားလုံးအဆင်ပြေ ကြပါစေလို့ ဆုတောင်းပါတယ်” ဟု ရန်အောင်ချမ်းသာဘုရားကြီးသို့ ဘုရားဖူးလာရောက်သည့် လယ်ဝေးမြို့နယ် ရေအိုးစဉ်ကျေး ရွာမှ ဦးအောင်တိုးဝင်းက ပြောသည်။
အလားတူ နေပြည်တော်ရှိ Ocean Super Center ၊ Juction Center ၊ Naypyitaw Wholesale တို့တွင် ဈေးလာဝယ်ကြသူများနှင့် မင်္ဂလာကန်တော်တွင် အပန်းဖြေလာရောက် ကြသူများဖြင့် စည်ကားလျက်ရှိသည်။
ညပိုင်းတွင်လည်း အဆိုပါဘုရားများ၌ ဆီမီးပူ ဇော်ပွဲများ၊ မြို့ပေါ်ရပ်ကွက်၊ကျေးရွာ များရှိ ဘုရားစေတီများနှင့် နေအိမ်များ၌ မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီမီးနှင့်မီးရောင်စုံ ထွန်းညှိပူဇော်ကြသူများ၊ မိဘဘိုးဘွားများနှင့် ဆရာ သမားများကို လိုက်လံကန်တော့ ကြသူ များဖြင့် စည်ကားလျက်ရှိသည်။
သီတင်းကျွတ်လပြည်နေ့တွင် ဘုရားဖူးလာရောက်ကြသူများကို ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက နှာခေါင်းစည်း များဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးခြင်းနှင့် အသိပညာပေး ခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာ ကုသိုလ်ပြုနိုင်ရန် လုံခြုံရေးဆောင်ရွက်ပေးနေသည်ကိုလည်း တွေ့ရသည်။
သတင်း ဟိန်းအောင် ဓာတ်ပုံ ကိုကိုအေး