မန္တလေး အောက်တိုဘာ ၂၀
ယနေ့ကျရောက်သည့် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)သည် ဗုဒ္ဓ ဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မန္တလေးမြို့ရှိ တန်ခိုးကြီးဘုရားများ၊ မြို့နယ်၊ ရပ်ကွက် အသီးသီးရှိ စေတီပုထိုးများ၌ ပန်း၊ ရေချမ်း၊ ဆီမီး၊ ဆွမ်းခဲဖွယ် ကပ်လှူ ပူဇော်၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသူများ ဖြင့် စည်ကားလျက်ရှိသည်။
မန္တလေးပြည်သူများသည် ဒေသ၏ ကုသိုလ်ကောင်းမှု ပြုလုပ်ကြသည့် ဓလေ့ထုံးစံ အတိုင်း နံနက်အာရုံတက်တွင် မဟာမုနိဘုရားကြီးသို့ ဉီးခိုက်ပူဇော်ကာ ပန်း၊ ရေချမ်း၊ ဆီမီး များနှင့် ရွှေသင်္ကန်းများကို ဘုရားဂေါပကတာဝန်ရှိသူများက ကိုဗစ် - ၁၉ ကာကွယ်ရေး နည်းလမ်းများ အတိုင်း ဆက်ကပ်လှူဒါန်းကြသည့်အပြင် မြို့တွင်းရှိ တန်ခိုးကြီး ဘုရားများ ဖြစ်ကြသည့် မန္တလေးတောင်တော် ဆုတောင်းပြည့်ဘုရား၊ မန္တလေးတောင်ခြေရှိ ကျောက်တော်ကြီးဘုရား၊ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရားများနှင့် အောင်တော်မူဘုရား၊ ကျောက်စိမ်းစေတီတော်များသို့ လှည့်လည်သွားရောက်၍ ကုသိုလ်ပြုဆုတောင်းသူများ၊ ဘုရားစေတီများ၏ အေးချမ်းသည့် အရိပ်အာဝါသအောက်တွင် တရားဘာဝနာပွားများ နေကြသူများကိုလည်း တွေ့မြင်ရသည်။
ထို့ပြင် ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းများနှင့်အညီ ဆွမ်းဆန်တော်လောင်းလှူပူဇော် ခြင်း၊ ဓမ္မစကြာရွတ်ဆိုခြင်း၊ ပရိတ်တရားတော်များနှင့် ပဌာန်းဒေသနာတော်များ ရွတ်ဖတ် ပူဇော်ခြင်း၊ မိဘ၊ ဘိုးဘွား၊ ဆရာသမား၊ သက်ကြီးဝါကြီးများအား ကန်တော့ခြင်း စသည့် ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြပြီး လူ၊ နတ်၊ ဗြဟ္မာ၊ သတ္တဝါတို့ ကျန်းမာချမ်း သာ၍ ငြိမ်းချမ်းကြစေကြောင်း ဆုမွန်ကောင်းများ တောင်း၍ မေတ္တာပို့သကြသည်။
ထို့နောက် သီတင်းကျွတ်လပြည့် ညပိုင်းတွင်လည်း မန္တလေးတောင်တော် ဆုတောင်း ပြည့်ဘုရားရင်ပြင်တော်ပေါ်နှင့် ကျောက်တော်ကြီးဘုရားများတွင် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးထွန်းညှိပူဇော်ပွဲများကို ကျင်းပကြသည့်အပြင် နေအိမ်အသီးသီးတွင်လည်း ရောင်စုံဆီမီးများထွန်းညှိပူဇော်ကာ ရိုးရာယဉ်ကျေးမှု ဓလေ့ပုံရိပ်ကို ပီပြင်စွာ ဖော်ထုတ်ခဲ့ကြ သည်။
မင်းထက်အောင်(မန်းကိုယ်ပွား)