Skip to main content

လပွတ္တာမြို့နယ်ရှိ ရှင်စောမြတ်စေတီတော်နှင့် မြတ်တိဂုံလောက နိဗ္ဗာန်ပုထိုးစေတီတော်တို့ကို စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်

 

နေပြည်တော် အောက်တိုဘာ ၁၉

 

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ ရှင်စောပုဘုရင်မကြီး တည်ထားကိုးကွယ်ခဲ့သည့် ရှင်စောမြတ်စေတီတော်နှင့် မြတ်တိဂုံလောကနိဗ္ဗာန် ပုထိုးစေတီတော်တို့ကို စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းနှင့် ရှင်အရဟံ ၁၀၀၄ နှစ်ပြည့်၊ (၁၈ နှစ်၊ ၁၈ ကြိမ်မြောက်)၊ ရက်ပေါင်း ၉၀ အဘိဓမ္မာ ၇ ကျမ်း အသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ အောင်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ရှင်စောမြတ် စေတီတော်၌ ပြုလုပ်ရာ သန်လျင်မြို့နယ် သစ္စာ ဓိဋ္ဌာန် နယ်လှည့်စတုဒိသာ နတ်စင်တရာဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ ပညာတေဇ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပုဇွန်တောင် သာယာ ကုန်း ပြသာဒ်ကျောင်းဆရာတော် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတဘဒ္ဒန္တပညာဓဇ ထံမှ ငါးပါးသီလခံယူဆောက် တည်ကြပြီး သံဃာတော်များ ရွတ်ပွား ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရှင်စောမြတ်စေတီတော်ကြီး၊ မြတ်တိဂုံလောကနိဗ္ဗာန် ပုထိုးစေတီတော်ကြီးနှင့် အရံစေတီတော်များတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး သုံးခွမြို့ မြို့မ ရေလည်ကျောင်း ဆရာတော် ဘဒ္ဒန္တနန္ဒာလင်္ကာရထံမှ အနုမောဒနာတရားနာယူကာ အဘိဓမ္မာ ၇ ကျမ်း ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲမင်္ဂလာကို ဆောင်ရွက်ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက စေတီတော် များတွင် တင်လှူပူဇော်မည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်ကြပြီး စေတီတော် အထွတ်များတွင် တင်လှူပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်