Skip to main content

ဟင်္သာတခရိုင်အတွင်းရှိ မသန်စွမ်းသူ ၂၀၇၁ ဦးအတွက် ငွေကျပ် သိန်း ၆၀၀ ကျော် ထောက်ပံ့

ဟင်္သာတ အောက်တိုဘာ ၁၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများသည်၊ အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းတွင် ဟင်္သာတမြို့ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်း (ဟင်္သာတ)သို့ ရောက်ရှိပြီး နေထိုင်မှု ပုံစံအသစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပြင်ဆင်လျက်ရှိရာတွင် သင်တန်း ကျောင်းမှ ပို့ချနေသည့် သင်ခန်းစာများကို Online  စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ပို့ချ နိုင်ရေး ဆောင်ရွက်သွားရန်၊ သင်တန်းကျောင်း စတင်ဖွင့်လှစ်ခဲ့သည့် ရည်ရွယ်ချက်နှင့် လက်ရှိ တိုးတက်မှု အခြေအနေ သုံးသပ်အကဲဖြတ်နိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ဆောင်ရွက်သွားရန်၊ သင်တန်းများ ခေတ္တပိတ်ထားရသည့် အချိန်ဖြစ်သည့်အတွက် သင်တန်းနည်းပြများ အတွက် သင်ယူလေ့လာရန် အချိန်များစွာရနိုင်သည့် အခွင့်အရေးတစ်ခု ဖြစ်ပါကြောင်း၊ ဘေးဖြစ်ပွားမှုများနှင့်ပတ်သက်၍ ကယ်ဆယ်ရေး စည်းမျဉ်းနှင့်အညီ ထောက်ပံ့ရမည့်ကိစ္စရပ်များ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်တည်ဆောက်ရသည့်ဘေးဖြစ်စဉ် များကိုပါ Disaster Management Information System National Data အဖြစ် အသုံးပြုနိုင်ရေး စနစ်တကျ စာရင်းပြုစုထည့်သွင်းထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ စေတနာ့ ဝန်ထမ်းများ အတွက် နိုင်ငံတော်က ပံ့ပိုးကူညီထောက်ပံ့မှုများ ရရှိနိုင်ရေးအတွက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက် ပေးသွားရန် ဖြစ်ပါကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက  ဟင်္သာတခရိုင်အတွင်းရှိ မသန်စွမ်းသူ ၂၀၇၁ ဦးအတွက် တစ်ဦး လျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် ငွေကျပ် ၆၂၁ သိန်း ၃ သောင်းကို သက်ဆိုင်ရာ ကိုယ်စားလှယ်များထံ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ကျုံပျော်မြို့နယ် အထောင်မြို့ရှိ School Cum Shelter ကိုရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက Shelter တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ အရေးပေါ်အခြေ အနေဖြစ်ပေါ်လာပါက ယာယီခိုလှုံရာ ဘေးဒဏ်ခံ အဆောက်အဦအဖြစ် အသုံးပြုရန်ဖြစ်သည့် အတွက် ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆောင်ရွက် သွားရန်၊ မူလတန်းကြိုကျောင်းများကို Online စနစ်ဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင် လျက်ရှိရာတွင် မိဘ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ဌာနမှ ထောက်ပံ့ ထားရှိသော မိခင်ဝိုင်းများ၊ ကိုယ့်အားကိုယ်ကိုး မူကြိုများမှ ကလေးများပါ ပါဝင် တက်ရောက်နိုင်ရေး ဆောင်ရွက်နိုင်မည်ဆိုပါက ပိုမိုထိရောက်အောင်မြင်မည် ဖြစ်ပါကြောင်း၊ အဆောက်အဦ ရေရှည်တည်တံ့ ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက  အထောင်မြို့ရှိ မသန်စွမ်းသူ ၉၁ဦး အတွက် တစ်ဦးလျှင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် ငွေကျပ် ၂၇သိန်းသုံးသောင်းကို ထောက်ပံ့  ပေးအပ်သည်။

ထို့နောက် ရေကြည်မြို့ရှိ မူလတန်းကြိုကျောင်းသို့ရောက်ရှိကြပြီး ရေကြည်မြို့တွင် ပထမဦးဆုံး ဌာနပိုင်မူလတန်းကြိုကျောင်း အဖြစ် ဖွင့်လှစ်နိုင်မည်ဆိုပါက ရှေးဦးအရွယ် ကလေး သူငယ်ပြုစု ပျိုးထောင်ရေး လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိုင် မည်ဖြစ်သည့်အတွက် လာမည့် ဘဏ္ဍာနှစ်တွင် အဆောက်အဦ ထည့်သွင်းလျာထားဆောက်လုပ် ပေးနိုင်ရေးနှင့် ဝန်ထမ်း အင်အား ဖြည့်တင်း ခန့်ထားပေးနိုင်ရေး ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားပြီး မူကြိုကျောင်းအတွင်း သင်ထောက် ကူပစ္စည်းများ ဖြည့်တင်းပြင်ဆင်ထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်