Skip to main content

အချို့ကလေးကြီးတွေဆိုရင် ပြောတတ်တယ် ရင်ကျပ်လာမယ်၊ မောလာမယ်၊ ရင်တုန်မယ် ဒီလိုဆိုရင် ချက်ချင်းနီးစပ်ရာ ဆေးရုံဆေးခန်းကို ပြသဖို့ အရေးကြီးပါတယ် - ဒေါက်တာကျော်သူ

ကလေးများတွင် ဖြစ်ပွားတတ်သည့် ကိုဗစ်ရောဂါအကြောင်းနှင့် ကိုဗစ်၏နောက်ဆက်တွဲ ရောဂါတစ်မျိုးဖြစ်သည့် MIS-C (Multisystem Inflammatory Syndrome in Children) နှင့် ပတ်သတ်ပြီး သတိထားသင့်သည့် အကြောင်းအရာများကို  ကျန်းမာရေးဝန်ကြီးဌာန ရန်ကုန် ကလေးဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာစောသက်ခိုင်နှင့် ရန်ကင်းကလေး ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန် ဒေါက်တာရဲကျော် သူတို့က ဆွေးနွေးပြောကြားခဲ့သည်။

မေး ။ ။ ကလေးတွေမှာ တွေ့ရတတ်တဲ့ ကိုဗစ်ရောဂါလက္ခဏာ တွေနဲ့ပတ်သက်ပြီး ပြောကြား ပေးပါဦး။

ဒေါက်တာစောသက်ခိုင်။ ။ ကိုဗစ်ရောဂါတွေမှာပဲ ဖြစ်တာမဟုတ်ပါဘူး။ ကလေး တွေမှာဖြစ်တာကို တွေ့ရပါတယ်။ မွေးကင်းစကလေးတွေမှာ လူကြီးတွေလို ကိုဗစ်ရောဂါ ဖြစ်ပွားတာတွေ့ရပြီး သူတို့ တွေကနေတစ်ဆင့် ပြန်ကူးစက်နိုင်တာတွေ့ရပါတယ်။ ကလေးတွေမှာ ကိုဗစ် - ( ၁၉ ရောဂါပိုး ဝင်ရောက်နေပေမယ့် အများစုက လက္ခဏာမပြတတ်ပါဘူး။ လက္ခဏာတွေအနေနဲ့ လူကြီးတွေမှာ ဖြစ်သလို နှာစေးမယ်၊ ချောင်းဆိုးမယ်။ ဖျားမယ်။ ဒါပေမယ့် ကလေးတွေမှာ ပိုဖြစ် တတ်တာက ဝမ်းသွားတာ၊ အန်တာတွေ ဖြစ်တတ်ပါတယ်။ ကလေးအကြီးအရွယ် တွေဆိုရင် အစားအသောက် ပျက်တာနဲ့ အနံ့ပျောက်တာတွေ ဖြစ်တတ်ပါတယ်။

မေး ။ ။ ကလေးတွေမှာ ကိုဗစ်ရောဂါဖြစ်ပွားမှုနဲ့ သေဆုံးမှုနှုန်းတွေ ကဘယ်လောက်ရှိ တယ်ဆို တာကို သိရှိ လိုပါတယ်။

ဒေါက်တာစောသက်ခိုင် ။ ။ ရန်ကင်းကလေး ဆေးရုံနဲ့ ရန်ကုန်ကလေးဆေးရုံကြီးတို့ရဲ့ အချက် အလက်တွေအရ ကိုဗစ် - ၁၉ စဖြစ်ချိန် ပထမလှိုင်းမှာ ကလေး ကိုဗစ်( ၁၉ ရောဂါ အတည်ပြု လူနာ မတွေ့ ခဲ့ရပါဘူး။ ဒုတိယလှိုင်းမှာ တစ်နိုင်ငံလုံးအနေနဲ့ ၄၈၄၈ ဦး တွေ့ခဲ့ရပါတယ်။ ရန်ကင်း ကလေးဆေးရုံနဲ့ ရန်ကုန်ကလေးဆေးရုံကြီး နှစ်ခုပေါင်းက လူနာဦးရေ ၁၀၀၀ ကျော်ရှိခဲ့ပါတယ်။ တတိယလှိုင်းမှာဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ခွဲက တင်ပြတဲ့အချက်အလက်အရ ၁၈ နှစ်အောက် ဖြစ်ပွားမှုနှုန်းက ၁၀၀ မှာ ၇ ဦးတွေ့ရပါတယ်။ သေဆုံးမှုနှုန်းက တစ်နိုင်ငံလုံးအနေနဲ့ တတိယလှိုင်းမှာ ၀ ဒသမ ၀၂ ရာခိုင်နှုန်း တွေ့ရပါတယ်။ ရန်ကင်းကလေးဆေးရုံနဲ့ ရန်ကုန်ကလေး ဆေးရုံကြီး နှစ်ခုပေါင်းမှာ ဖြစ်ပွားမှုနှုန်းက တတိယလှိုင်းမှာ ၃၄ ဦးရှိခဲ့ပါတယ်။ သေဆုံးမှုနှုန်းက ဆေးရုံနှစ်ခုပေါင်းကို ငါး ဦးရှိခဲ့ပါတယ်။ ။

မေး ။ ။ ကလေးတွေမှာ ကိုဗစ် -၁၉ရောဂါ မဖြစ်ပွားအောင် ဘယ်လိုနည်းလမ်းတွေနဲ့ နေထိုင် ဆောင် ရွက်ရမယ်ဆိုတာကိုလည်း ပြောကြားပေး စေလိုပါတယ်။


 ဒေါက်တာစောသက်ခိုင် ။ ။ ကိုဗစ် -၁၉ရောဂါဖြစ်မှ ကုသတာထက်စာရင် ကျန်းမာရေး ဝန်ကြီး ဌာနက ချမှတ်ထားတဲ့ ကိုဗစ် -၁၉ စည်းကမ်းတွေကို လိုက်နာရမှာ ဖြစ်ပါ တယ်။ လက်ကို စက္ကန့် ၂၀ ကြာအောင် ဆေးရပါမယ်။ အပြင်သွားရင် ပါးစပ်၊ နှာခေါင်းစည်း (Mask)ကို တပ်ရ မယ်။လူထူထပ်တဲ့နေရာတွေကို သွားလာတာ ရှောင်ရှားရမယ်။ တစ်ဦးနဲ့ တစ်ဦး ၆ ပေအကွာကနေ ပြောဆိုဆက်ဆံရမယ်။ အထိရောက်ဆုံးနည်းလမ်းက ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း ဖြစ်ပါတယ်။

မေး ။ ။ အခြား ဖြည့်စွက်ပြောကြားလိုတာရှိရင်ပြောကြားပေးပါ။

ဒေါက်တာစောသက်ခိုင် ။ ။ ကိုဗစ် -၁၉ ရောဂါ က ကုသခြင်းထက် ကာကွယ်ခြင်းက အဓိကကျပါတယ်။ ကျန်းမာရေးဝန်ကြီး ဌာနက ချမှတ်ထားတဲ့ ကိုဗစ် - ၁၉ ကာကွယ်ရေး စည်းကမ်းချက်တွေကို ကလေးတွေသာမက လူကြီးတွေပါ အားလုံးက လိုက်နာဖို့ လိုအပ်ကြောင်း ပြောကြားလိုပါတယ်။ မေး ။ ။ ကလေးတွေ ကိုဗစ် - ၁၉ရောဂါ ဖြစ်ပွားပြီးရင် နောက်ဆက်တွဲ ရောဂါတစ်ခုဖြစ်တဲ့ MIScနဲ့ ပတ်သက်ပြီး ပြောကြားပေး စေလိုပါတယ်။

ဒေါက်တာရဲကျော်သူ ။ ။ ကလေးတွေမှာ ကိုဗစ်ဖြစ်ပွားပြီးရင် နောက်ဆက်တွဲ ရောဂါ တစ်ခု အနေနဲ့ Multisystem Inflammatory Syndrome in Children I (MIS-C) ဆိုပြီး တစ်ကိုယ် လုံးရောင်ရမ်းတဲ့ရောဂါဖြစ်ပါတယ်။ ကလေးတွေမှာ ကိုဗစ် - ၁၉ ဖြစ်ပွားပြီး အချို့တွေက ကောင်း သွားကြတယ်။ ရက်သတ္တပတ် ၂ ပတ် ကျော် အထူးသဖြင့် ၃ ပတ်နဲ့ ၆ ပတ် အကြားမှာ တစ်ကိုယ်လုံးရောင်ရမ်းတဲ့ ရောဂါဖြစ်လာနိုင်ပါတယ်။

 မေး ။ ။ ကလေးတွေမှာ MIS-C ဖြစ်ပွားမှုနှုန်းက ဘယ် လောက်ရှိတယ်ဆိုတာ ပြောကြားပေး ပါဦး။

ဒေါက်တာရဲကျော်သူ ။ ။ ကိုဗစ်-၁၉ က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကစတင်ဖြစ်ပွားလာပြီး ကမ္ဘာ အနှံ့ပျံ့နှံ့လာပါတယ်။ ၂၀၂၀ ပြည့်နှစ် ဧပြီလလောက်မှာ MIS-C နဲ့တူတဲ့ ရောဂါလက္ခဏာတွေကို အခြား ဥရောပနိုင်ငံတွေမှာ စပြီးသတိထားမိပါတယ်။ ဒါပေမယ့် MIS-C လို့ မသိကြဘူး။ ယခင်
တုန်းကဖြစ်ခဲ့ဖူးတဲ့ သွေးကြောတွေ ရောင်ရမ်းတဲ့ ရောဂါလက္ခဏာတွေနဲ့  တော်တော်တူတယ်။ ဧပြီလလောက်မှာ ထူးထူးခြားခြား ၄/၅ ယောက်လောက်ကို စတွေ့ခဲ့ပါတယ်။ ဒါက ကိုဗစ်ရဲ့ နောက်ဆက်တွဲ ရောဂါတစ်ခုဖြစ်တဲ့ MIS-C လို့ ကမ္ဘာက စပြီးသိသွားပါတယ်။ အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးဗဟိုဌာန (CDC) ရဲ့ အချက် အလက်အရအစပိုင်းမှာ သိပ်မများပါဘူး။ ကလေးပေါင်း ၁၀၀၀ လောက်ပဲ ရှိသေးတယ်။ ဒါပေမယ့် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းဆိုပြီး အဖြစ်များလာတဲ့အခါ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၄ ရက် အချက်အလက်တွေအရ ကလေး ၅၁၇ ဦးရှိတာ သိရပါတယ်။ ဒီထဲမှာ ၄၆ယောက် သေဆုံးတာကို သိရပါတယ်။ မြန်မာနိုင်ငံမှာ ဇူလိုင်လ တတိယလှိုင်းဖြစ်ပွားတဲ့အချိန်လောက်ကစပြီး MIS-C  တွေ ပြန်ပြီးများလာပါတယ်။ ဇူလိုင်လနောက်ဆုံးပတ်ကနေ ဩဂုတ်လအတွင်း မှာ ၁၈ ဦးရှိပြီး ကလေးတစ်ယောက် ဆုံးပါးခဲ့ရပါတယ်။ စက်တင်ဘာလမှာ ၁၀ ဦး ဖြစ်ပွားပြီး တစ်ယောက် ဆုံးပါးခဲ့ရပါတယ်။ ယခင်ဖြစ်ပွားမှု နည်းတယ်ဆိုပေမယ့်အခုလို အစုလိုက်အပြုံလိုက် ဖြစ်ပွား ပြီးနောက်ပိုင်းမှာ ခပ်စိတ်စိတ် တွေ့လာရပါတယ်။

မေး ။ ။ ကလေးတွေမှာ MIS-C ဖြစ်ပွားရင်ဘယ်လိုလက္ခဏာ တွေ ပြတယ်ဆိုတာကို ပြောကြား ပေး ပါဦး။

ဒေါက်တာရဲကျော်သူ ။ ။ MIS – C က ကိုဗစ်ရဲ့ နောက်ဆက်တွဲ ရောဂါတစ်ခုဖြစ်တဲ့ အတွက် ကလေးကိုယ်တိုင်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့တာ ဖြစ်နိုင်ပါတယ်။ ကလေးတွေကို နှာခေါင်း တို့ဖတ်နဲ့ စစ်ဆေးရတာခက်ခဲတော့ သေသေချာချာမသိခဲ့ဘူး။ ဒါပေမယ့် မိသားစုလိုက် တစ်အိမ် လုံးဖြစ်ပွားတဲ့အခါ ကလေးကလည်း ဖျားတယ်ဆိုတဲ့ ရောဂါသမိုင်းကြောင်း တွေရှိခဲ့ တယ်။ ဒါကလည်း လက္ခဏာတစ်ချက်ပါ။ ကလေးဖြစ်ရမယ်။ ပြီးတော့ မိသားစုအတွင်းမှာ ကိုဗစ် - ၁၉ ရောဂါ ဖြစ်ထားသူရှိမယ်။ ကလေးကသူကိုယ်တိုင် ဖြစ်ခဲ့ရင် ဖြစ်ခဲ့၊ မဖြစ်ခဲ့ရင် ကိုဗစ် - ၁၉ ရောဂါ ဖြစ်ထားသူတွေနဲ့ ထိတွေ့မှုရှိခဲ့တာဆိုရင် ဒီရောဂါဖြစ်နိုင် ပါတယ်။ကလေးတွေမှာ အဖျားက ၁၀၀ ဒီဂရီ ဖာရင်ဟိုက်လောက်နဲ့ စပြီးဖျားကြတယ်။တောက်လျှောက်ဖျားပြီး မကျဘူး။ နောက်ပြီး ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အူတွေ၊ အစာအိမ်တွေ ပါဝင်လာတဲ့အခါ ကလေးတွေက ဗိုက်အောင့် တယ်၊ အန်တယ်၊ ဝမ်းတွေလျှောလာတယ်။ ဒါတွေ လည်း ဖြစ်တတ်ပါတယ်။ ဦးနှောက်ရောင် ရမ်းမှုတွေဖြစ်ခဲ့ရင် ခေါင်းကိုက်တတ်ပါ တယ်။ တချို့ကလေးငယ်တွေက ဂျီကျ တတ်ပါတယ်။ အရေပြားရောင်ရမ်းမှုတွေ ဖြစ်တတ်တဲ့အတွက် ခန္ဓာကိုယ်မှာ အဖု အပိမ့်တွေ ပေါ်လာ တတ်ပါ တယ်။ နောက်ပြီး မျက်လုံးမှာ သွေးကြောမျှင်လေးတွေ ပေါ်တတ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံး ဖြစ်တဲ့အတွက် အချို့ကလေးတွေမှာ ကျောက်ကပ်ကိုထိတာ၊ အသည်းကိုထိ တာ၊ ဆိုးဆိုးရွားရွား နှလုံးတွေရောင်ရမ်း သွားပြီဆိုရင် သွေးပေါင်ကျတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒီလို လက္ခဏာတွေနဲ့ လာတတ်ပါတယ်။

မေး ။ ။ MIS-C ရဲ့ အရေးပေါ်အခြေအနေမှာ ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်ပါသလဲ။

ဒေါက်တာရဲကျော်သူ။ ။ မိဘတွေအနေနဲ့ သိထားသင့်တာက ကလေးအဖျားမကျဘူး၊ အလွန် မှိန်းနေမယ်၊ သတိလစ်မယ်၊ အချို့ ကလေးတွေဆိုရင်တက်သွားတယ်၊ အစာ မဝင်တော့ဘူး၊ ဝမ်းလျှောမယ်၊ ဗိုက် အလွန်အောင့်မယ်၊ အဖုအပိမ့်တွေ ခန္ဓာ ကိုယ်မှာ ပေါ်မယ်၊ မျက်သားတွေ ရဲမယ်။ အဆိုးဆုံးက ကလေးကို ကိုင်ကြည့်လိုက် မယ်ဆိုရင် လက်ဖျားခြေဖျားတင်မကဘဲ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်နေတယ်။ ဖြူဖျော့နေတယ်၊ နှုတ်ခမ်းတွေ၊ လက် သည်းတွေ ပြောနေမယ်။ ဒီလိုအနေအထား ဆိုရင် နီးစပ်ရာဆေးရုံကို ချက်ချင်း အရောက်သွားဖို့ အရေးကြီးပါတယ်။

မေး ။ ။ ဖြည့်စွက်ပြောကြား လိုတာရှိရင် ပြောကြားပေးစေလို ပါတယ်။

ဒေါက်တာရဲကျော်သူ ။ ။ အဓိကကိုဗစ်- ၁၉ ရောဂါ မိသားစုထဲမှာဖြစ်ထားတယ်။ ဒီလိုကလေး တစ်ယောက် ဖျားပြီဆိုရင် ခုနပြောကြားခဲ့တဲ့ အချက်တွေကို သတိထားပြီး မျက်ခြည်မပြတ် စောင့်ကြည့်ပေးဖို့ လိုအပ်ပါ တယ်။ ကလေးက အလွန်မှိန်း မယ်၊ အစာမဝင်ဘူး၊ ဗိုက်အလွန်အောင့် မယ်။ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်မယ်။ ပြာနှမ်းလာမယ်၊ ဖြူဖျော့မယ်၊ အချို့ ကလေးကြီး တွေဆိုရင် ပြောတတ်တယ် ရင်ကျပ်လာမယ်၊ မောလာမယ်၊ ရင်တုန်မယ် ဒီလိုဆိုရင် ချက်ချင်းနီးစပ်ရာ ဆေးရုံ ဆေးခန်း ကိုပြသဖို့ အရေးကြီးပါတယ်။

 မေး ။ ။ ကလေးတွေမှာ ကိုဗစ် - ၁၉ရောဂါ ဖြစ်ပွားလာပြီဆိုရင် ဘယ်လိုကျန်းမာအောင် နေထိုင်ရမယ် ဆိုတာကို ပြောကြားပေးစေလိုပါတယ်။

ဒေါက်တာစောသက်ခိုင် ။ ။ ကလေးတွေမှာကိုဗစ် ရောဂါဖြစ်ပွားပြီဆိုရင် များသောအားဖြင့် လက္ခဏာ မပြတတ်ဘူး။ လက္ခဏာပြရင် လည်း လူကြီးလောက် မပြင်းထန်ဘူး။ နှာစေးချောင်း ဆိုးတယ်ဆိုရင် နှာစေးချောင်းဆိုးပျောက်ဆေးပေးတယ်။ ဖျားရင် ကိုယ်ပူကျဆေးပေးတယ်။ အဓိကက ပြည့်ပြည့်၀၀အနားယူရမယ်။ အစား အသောက်ကို ပုံမှန်ထက်ပိုပြီး စားရမယ်။ ရေများများ သောက်ရမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးပါတယ်။ ကိုဗစ် - ၁၉ ရောဂါဖြစ်လာရင် နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင် ပြုစုနေထိုင်ရမယ့် နည်းလမ်းတွေဖြစ်ပါ တယ်။

မေး ။ ။ ကလေးတွေမှာ ကိုဗစ် - ၁၉ကာကွယ်ဆေးထိုးနှံရေး အစီ အစဉ်နဲ့ ပတ်သက်ပြီး ဖြေကြားပေးစေလို ပါတယ်။

ဒေါက်တာစောသက်ခိုင် ။ ။ ကလေးတွေမှာ ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနဲ့ သေဆုံးမှု နှုန်း လူကြီးတွေထက်စာရင် နည်းတယ် ဆိုပေမယ့် ကလေးတွေကကာကွယ်ဆေး ထိုးပြီး ကာကွယ် ထားဖို့ လိုအပ်ပါတယ်။ ကလေးတွေကာကွယ်ဆေးထိုးထားတယ်ဆိုရင် ကျောင်းတွေပြန်လည် ဖွင့်လှစ် တဲ့အခါ နေမကောင်းဖြစ်ပွားမှုမရှိတဲ့ အတွက် ပညာရေးကို အနှောင့်အယှက် မရှိဘဲ ပညာသင်ကြားနိုင်မှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းဖြင့် ဖြစ်ပွားမှုနှုန်းကို လျော့ကျစေ နိုင်သလို သူတို့ကတစ်ဆင့် အိမ်မှာရှိတဲ့ ကာကွယ်ဆေး မထိုးရ သေးတဲ့ အခြားသူတွေကို ကူးစက်နိုင်မှုကို လျော့ကျစေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ် ဆေး ထိုးနှံထား သင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။


ထက်လျှံ