ဖွားမြင်တော်မူခြင်း
ဆရာတော်လောင်းလျာသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ နယ်၊ အင်ပင်လှကျေးရွာတွင် ခမည်းတော် ဦးစိန်၊ မယ်တော် ဒေါ်ရှု တို့မှ ၁၂၉၀ ပြည့်နှစ်၊ တန်ဆောင်မုန်းလဆန်း(၅)ရက်၊ ဗုဒ္ဓဟူး နေ့တွင် ဖွားမြင်တော် မူသော သားရတနာဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၃၀၄-ခုနှစ်၊ ဝါဆိုလဆန်း(၁၅)ရက် နေ့တွင် ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာ၊ ရွာဦးကျောင်း ဆရာတော်ဘဒ္ဒန္တဇောတကို ဥပဇ္စျာယ်ပြုလျက် မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူလျက် ရှင်သာမဏေအဖြစ်သို့ ရောက်ရှိတော် မူခဲ့ပါသည်။ ၁၃၁၀-ပြည့်နှစ်၊ ကဆုန်လပြည့်ကျော် (၅)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပုခန်း ကျောင်းတိုက် ခဏ္ဍသိမ်၌ ယင်းကျောင်းဆရာတော် ဘဒ္ဒန္တဒေဝိန္ဒကို ဥပဇ္ဈာယ်ပြုလျက် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဒေါ်စောတင်၊ ဒေါ်စောရင်တို့၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။
ပရိယတ္တိစာပေသင်ယူ ဆည်းပူးတော်မူခြင်း
ဆရာတော်သည် ကောလင်းမြို့နယ်၊ အင်ပင်လှရွာဦးကျောင်း ဆရာတော်ဘဒ္ဒန္တဇောတ၊ ရွှေဘိုမြို့၊ ပုခန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဒေဝိန္ဒ၊ စက်ဆန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒိမာ၊ စစ် ကိုင်းတောင်ရိုး၊ ပဋ္ဌာန်းနည်းပြကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ သောဘိတ၊ ဇေယျသိန်ပါဠိတက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညိန္ဒ၊ မန္တလေးမြို့၊ ဒက္ခိဏာရာမဘုရားကြီးကျောင်းတိုက်၊ သာသနဇောတိကာရုံကျောင်း ဆရာတော် ဘဒ္ဒန္တနာရဒါဘိဝံသ၊ တမ္ပဝတီကျောင်းဆရာတော် ဘဒ္ဒန္တအရိယ၊ ရွှေဘုန်းရှိန်ကျောင်း ဆရာတော် ဘဒ္ဒန္တဥက္ကံသ(ဆရာတော် ဦးကြယ်) စသော ဆရာတော် များထံ၌ ပရိယတ္တိစာပေများ သင်ယူဆည်းပူးတော်မူခဲ့ပြီး သာသန ဓဇဓမ္မာစရိယဘွဲ့၊ ပရိယတ္တိသာသနဟိတဓမ္မာစရိယဘွဲ့ တို့ကို အောင်မြင်ရရှိတော်မူခဲ့ပါသည်။
သာသနာရေးအားပေး ဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် မန္တလေးမြို့၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ ရန်ကုန်မြို့ စလင်းကျောင်းတိုက်တို့၌ စာသင်သားရဟန်း/သာမဏေများအား စာပေကျမ်းဂန်များ သင်ကြားပို့ချရေးသားပြုစုတော်မူခဲ့ခြင်း၊ သာသ နိကအဆောက်အအုံများ တည်ဆောက်ပြုပြင်မွမ်းမံခဲ့ခြင်း၊ ပရဟိတ လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် မူလသံဃာ့ဝန်ဆောင် (၆၆)ပါး၌ ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ ၁၉၈၀ ပြည့်နှစ်မှ ၁၉၈၃ ခုနှစ်ထိ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ ၁၉၈၃ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင်အဖြစ် ဆောင်ရွက်တော်မူခဲ့ခြင်း၊ ၂၀၀၆ ခုနှစ်မှ ယနေ့အထိ နိုင်ငံတော်ဩဝါဒါစရိယဆရာတော်အဖြစ် စသော သာသနာ့တာဝန်များကို ဆောင်ရွက်တော်မူခဲ့ပါသည်။
ဘွဲ့တံဆိပ်တော်အလှူခံ ရရှိတော်မူခြင်း
ဤသို့လျင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော ဝီရိယဖြင့် သယ်ပိုး ဆောင်ရွက်တော်မူခဲ့သော သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊ ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယဆေကဂုဏ်၊ ဂန္ထဓုရာဝဟဂုဏ်၊ ပရိယတ္တိဝိသာရဒဂုဏ်၊ လဇ္ဇီပေသလသိက္ခာ ကာမဂုဏ်၊ ပရဟိတာဝဟဂုဏ်၊ သာသနဟိတဓရဂုဏ်၊ ခမာ ဇာဂရိယဂုဏ်စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံ တော်အစိုးရက ဆရာတော်ကြီးအား ၂၀၁၀ ပြည့်နှစ်တွင် “အဘိဓဇမဟာရဋ္ဌဂုရု”ဘွဲ့တံဆိပ်တော်မြတ်ကိုလည်းကောင်း၊ ၂၀၂၁ ခုနှစ်တွင် “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်မြတ် ကိုလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုးဆောင်ရွက်တော်မူရင်း သက်တော်(၉၃)နှစ်၊ သိက္ခာတော်(၇၃)ဝါအရ ၁၃၈၃ ခုနှစ်၊ သီတင်းကျွတ်လဆန်း (၆)ရက်၊ (၁၁-၁၀-၂၀၂၁)၊ တနင်္လာနေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူကြောင်းနှင့် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကို (၁၇-၁၀-၂၀၂၁)ရက်နေ့တွင် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။
သတင်းစဉ်