Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံ

နေပြည်တော် အောက်တိုဘာ ၁၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovad ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်သန်းအနက် ပထမအသုတ်အဖြစ် ကာကွယ်ဆေးတစ်သန်းနှင့် ဆေးထိုးအပ် ၁၀၀၁၆၀၀ တို့သည် ယနေ့ ညနေ ၆ နာရီခွဲတွင် Air china လေကြောင်းလိုင်းဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာရာ လှူဒါန်းပစ္စည်းများ လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်တို့ တက်ရောက်၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက ယခုအခါတွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ Vaccine ထိုးနှံရန် သတ်မှတ်ထားသော ဦးတည်အုပ်စုအသီးသီးကို ကာကွယ်ဆေးထိုးနှံနေပြီ ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ကပ်ရောဂါထိန်းချုပ်ရေး၊ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ မြှင့်တင်ရေးကို အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ယခု  လှူဒါန်းသည့် ကာကွယ်ဆေးများသည် မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များအား ထိုးနှံပေးမည်ဟုသိရှိရပါသဖြင့် မြန်မာနိုင်ငံ၏ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အထောက်အကူပြုနိုင်မည်ဟုမျှော်လင့်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းအတွင်း  တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး အပါအဝင် ဆေးနှင့် ဆေးပစ္စည်းများသယ်ယူပို့ဆောင်ရေး၊ မူဆယ်-ရွှေလီနယ်စပ် ဂိတ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းတွင် ကိုဗစ်-၁၉ ကုသရေးစင်တာ တည်ဆောက်ရေး အစရှိသည်တို့တွင် ပူးပေါင်းလုပ်ဆောင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံမှ စဉ်ဆက်မပြတ်ဖော်ဆောင်နေသော ကပ်ရောဂါကာကွယ်  ထိန်းချုပ်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများ လှူဒါန်းပေးအပ် ခြင်းနှင့် ဝယ်ယူခြင်းများတွင် အကူအညီပေးခြင်းအပြင် တရုတ်မြန်မာနှစ်ဦးနှစ်ဖက်မှ မြန်မာနိုင်ငံတွင် ကာကွယ်ဆေးအရည်ဖြည့် ထုပ်ပိုးပြီး ပူးပေါင်းထုတ်လုပ်ရန်လည်း ဆွေးနွေးညှိနှိုင်းလျက်ရှိပါကြောင်းနှင့် ကောင်းမွန်တဲ့ရလဒ်ရရှိနိုင်ဖို့ မျှော်လင့်ပါကြောင်း၊ အဆွေတော် ပြည်ထောင်စုဝန်ကြီးနှင့်တကွ ကျန်းမာရေးဝန်ကြီးဌာနမှ  ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးတွင် ကြီးမားသည့် ကြိုးပမ်း ဆောင်ရွက်မှုများအတွက် လေးစားပါကြောင်း၊ မြန်မာနိုင်ငံ၏ ကာကွယ်ဆေး လွှမ်းခြုံနိုင်မှု ၅၀ ရာခိုင်နှုန်းရရှိရေး၊ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း  ၅ ရာခိုင်နှုန်းအောက်အထိ ကျဆင်းရေး ရည်မှန်းချက်ဖော်ဆောင်ရာတွင် အဆွေတော်နဲ့အတူ ရင်းနှီးစွာချိတ်ဆက်ပြီး တရုတ်နိုင်ငံမှတတ်စွမ်းသမျှ ကူညီပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ကျေးဇူးတင်စကားပြောကြား

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင်မြန်မာနိုင်ငံတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၏ ဦးဆောင်မှုဖြင့် နိုင်ငံသူ၊ နိုင်ငံသားများ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ဟန့်တားနိုင်ရန် ကာကွယ်ဆေးများအား အချိန်နှင့်တစ်ပြေးညီ ထိုးပေးနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ကာကွယ်ဆေးများအား မိမိတို့မှ ဝမ်းမြောက်စွာ လက်ခံရရှိပါကြောင်း၊  တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မိမိတို့ ကျန်းမာရေးဝန်ကြီးဌာနသို့  လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm Dose ပမာဏ ဒသမ ၅သန်းအားလည်း လက်ခံရရှိခဲ့ပြီး အဆိုပါ ကာကွယ်ဆေးများ အား National Vaccine Deployment Plan အရ ဦးစားပေးအုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် တရုတ်-မြန်မာ နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးစွာဖြင့် ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာဖော်ဆောင်လျက်ရှိပြီး တရုတ်မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက်တွင်လည်း ကပ်ရောဂါကာလအတွင်း နှစ်နိုင်ငံပြည်သူများ အသွားအလာထိန်းချုပ်ခြင်းနှင့် ကူးစက်မှုလျော့ပါးစေရေးအတွက် လှူဒါန်းရရှိထားသော Sinopharmကာကွယ် ဆေးများအနက် တစ်သန်းကို ရောဂါဖြစ်ပွားမှု လျှော့ချနိုင်ရေးအတွက် နယ်စပ်ဒေသနေထိုင်သူများအား ထိုးနှံပေးလျက်ရှိပါကြောင်း၊ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေးများကို ပြည်တွင်းလိုအပ်ချက်နှင့်အညီ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနနှင့်  ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ နည်းပညာပံ့ပိုးမှုဖြင့် Ready to Fill Bulk (RTF) စနစ်အသုံးပြုကာ ထုတ်လုပ်ရန် ပြင်ဆင်နေမှုများအား ရှေ့ဆက်၍ အောင်မြင်စွာ လုပ်ဆောင်နိုင်ရန်နှင့် ဆက်လက်ကူညီပံ့ပိုးပေးရန် မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၏ ခေါင်းဆောင်မှုနှင့် သံရုံးမှအဖွဲ့ဝင်များ၏ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ အချိန်မီရောက်ရှိစေရေး မနားမနေ ကြိုးစားဆောင်ရွက်မှုများအား မိမိအနေဖြင့် အသိအမှတ်ပြု၍ လှိုက်လှဲစွာ ကျေးဇူးတင်ရှိပြီး လာမည့်ကာလများတွင်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုရှိစွာဖြင့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအား စည်းလုံးညီညွတ်စွာ အတူတကွတိုက်ထုတ်ရန် ဆက်လက်၍ လက်တွဲလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။  

ထို့နောက် လွှဲပြောင်းလက်ခံသည့် မှတ်တမ်းတင်ဂုဏ်ပြုလွှာအား နှစ်ဖက်လက်မှတ်ရေးထိုး၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ယနေ့ ရောက်ရှိလာသည့် Sinovac ကာကွယ်ဆေးများကို တိုင်း ဒေသကြီး/ ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှ လည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှ လည်းကောင်း အအေးလမ်းကြောင်း မပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်သည်။

၁၃-၁၀-၂၀၂၁ နေ့အထိ ကာကွယ်ဆေးများ ရောက်ရှိလာမှုအနေ ဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော covISHIELD နှစ်သန်း၊ Sinopharm ၁၄သန်း၊ Sinovac နှစ်သန်း စုစုပေါင်း ၁၈သန်း  doses ရောက်ရှိပြီးဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  doses ခုနစ်သန်းကျော်ကျော်အားလည်း လက်ခံရရှိပြီးဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စု များသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၂-၁၀-၂၀၂၁)ရက်နေ့ အထိ လူဦးရေစုစုပေါင်း ၁၀၅၉၁၆၀၉ ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ် ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၄၂၀၁၆၃၀ နှင့် ပထမအကြိမ် ထိုးနှံပြီးစီးသူ ၆၃၈၉၉၇၉ ဦး ရှိပြီ ဖြစ်သည်။

သို့ဖြစ်ပါ၍ (၁၂-၁၀-၂၀၂၁) ရက်နေ့အထိမြန်မာနိုင်ငံတွင် ကိုဗစ်၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း ၁၄၇၉၃၂၃၉ ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။

တိုက်တွန်းနှိုးဆော်

မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့်ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကိုသတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြ ပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

သတင်းစဉ်