Skip to main content

မကြာမီအချိန်အတွင်း အနုပညာရှင်များ အနုပညာအလုပ်များကို လုပ်ကိုင်ပြီးရုပ်ရှင်ရုံများတွင် ပြည်သူများ အပန်းဖြေ အနားယူနိုင်ကြတော့မည်

 

ရန်ကုန် အောက်တိုဘာ ၁၁

ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲ လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၃ ရုံနှင့်ပတ်သက်၍ တာဝန်နှင့် ဝတ္တရား များလွှဲပြောင်းသည့်စာချုပ်(Deed of Assignment) ချုပ်ဆိုခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးနှင့် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကတာဝန်ရှိသူများ၊ နိုင်ငံပိုင်ရုပ်ရှင်ရုံ ငှားရမ်းလုပ်ကိုင်ကြသော လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

 အပြီးအပိုင် ရောင်းချ

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံတစ်ဝန်းရှိ  ပုဂ္ဂလိက ရုပ်ရှင်ရုံများအနက် ရုပ်ရှင်ရုံ ၁၈၁ ရုံကို ၁၉၆၈ ခုနှစ်တွင် ပြည်သူပိုင်ပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ရုပ်ရှင်ရုံ ငါးရုံ အသစ်ထပ်မံ တည်ဆောက်ပေးခဲ့ခြင်း၊ သမ္မတရုပ်ရှင်ရုံကို  ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ခြင်းတို့ကြောင့် နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၈၇ ရုံရှိခဲ့ ပါကြောင်း၊ ၁၉၈၆ ခုနှစ်မှစ၍ မြန်မာဗီဒီယို ဇာတ်ကားများရိုက်ကူးပြသလာသည့်အတွက် ဗီဒီယို ရုံများ ပေါ်ထွန်းခဲ့ခြင်းကြောင့်လည်းကောင်း၊ နိုင်ငံတကာတွင် ရုပ်ရှင်ဖလင်များ ရှားပါးလာခြင်းကြောင့်လည်းကောင်း၊ ရုပ်ရှင်ဇာတ်ကားထုတ်လုပ်မှုကျဆင်း  လာခဲ့ခြင်းကြောင့် လည်းကောင်း ရုပ်ရှင်ရုံလုပ်ငန်းများလည်း ကျဆင်းလာခဲ့ပါကြောင်း၊ ယင်းကာလအတွင်း ဈေးကွက်စီးပွားရေးအပေါ် အခြေခံ၍ ရုပ်ရှင် ပြသခြင်းလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက် နိုင်ရန်အတွက် ၁၉၉၅ ခုနှစ်မှစတင်ပြီးရုပ်ရှင်ရုံများကို နှစ်တို၊ နှစ်ရှည် ငှားရမ်းခြင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အပြီးအပိုင် ရောင်းချခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း။

ပေါင်းစပ်ဆောင်ရွက်

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက တာဝန်ယူစီမံခန့်ခွဲနေသည့် နိုင်ငံပိုင် ရုပ်ရှင်ရုံ ၂၇ ရုံ၊ ပုဂ္ဂလိကသို့အပြီးအပိုင် ရောင်းချခဲ့သည့် ရုပ်ရှင်ရုံများအနက် ရုပ်ရှင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်(Condition)ပါ ရုပ်ရှင်ရုံ ၉၄ ရုံ စုစုပေါင်း ရုပ်ရှင်ရုံ ၁၂၁ ရုံက ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များက ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈ ခုနှစ်မှစတင်၍ တာဝန်ဝတ္တရား လွှဲပြောင်းပေးခဲ့ရာ ယနေ့အချိန်တွင် တိုင်းဒေသကြီး/ပြည်နယ်အားလုံးသို့ လွှဲပြောင်းလက်ခံ ဆောင်ရွက်ခဲ့ ပြီးဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိရုပ်ရှင်ရုံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရနှင့် ရုပ်ရှင်ရုံငှားရမ်း လုပ်ကိုင်သူများက ပေါင်းစပ် ဆောင်ရွက်သွားကြမည်ဟု ယုံကြည်ပါကြောင်း။

ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်က ရုပ်ရှင်ရုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်ရှင်အနုပညာများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ကြရန် မကြာခဏ  လမ်းညွှန်မှုပြုထား ပါကြောင်း၊ ရုပ်ရှင်ရုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်ရှင်အနုပညာ ပြန်လည်နိုးထစေရေးအတွက် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရုပ်ရှင်သည် ပြည်သူ့အတွက်ဟူသောဆောင်ပုဒ်နှင့်အညီ ပြည်သူများ စိတ်နှလုံးရွှင်မြူးအောင် ပျော်ရွှင်မှုပေးရာတွင် ရုပ်ရှင်ရုံများ၏ အခန်းကဏ္ဍသည် အရေးကြီးသည်ဖြစ်ရာ ရုပ်ရှင်ရုံများ အဆင့်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အနုပညာရှင်များအနေဖြင့် ကိုဗစ်စည်းကမ်း များနှင့်အညီ ရိုက်ကူးရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နေကြပြီး ပြသမှုလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန်အတွက်လည်း ကိုဗစ် စည်းကမ်းချက်များနှင့်အညီ မိမိတို့အားလုံး ပူးပေါင်း ဆောင်ရွက်ကြရန်အတွက် ဆွေးနွေးတိုင်ပင် နေကြပြီဖြစ်ပါကြောင်း၊ မကြာမီအချိန်အတွင်း အနုပညာရှင်များ အနုပညာ အလုပ်များကို လုပ်ကိုင်ပြီး ရုပ်ရှင်ရုံများတွင် ပြည်သူများ အပန်းဖြေအနားယူနိုင်ကြတော့မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးက ရန်ကုန်တိုင်းအတွင်းရှိ နိုင်ငံပိုင် ရုပ်ရှင်ရုံများအပြင် အပြီးရောင်း Condition ပါ ရုပ်ရှင် ရုံများကိုလည်း ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြသနိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။

ထို့နောက် နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၃ ရုံနှင့်ပတ်သက်၍တာဝန်နှင့် ဝတ္တရားများလွှဲပြောင်းသည့် စာချုပ်များကို လက်မှတ်ရေးထိုးကြရာ ပြန်ကြားရေး ဝန်ကြီးဌာနကိုယ်စား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်က လည်းကောင်း၊ နိုင်ငံပိုင်ရုပ်ရှင်ရုံ ငှားရမ်းမှု လုပ်ငန်းရှင်များက လည်းကောင်း အသီးသီး လက်မှတ်ရေးထိုး ဆောင်ရွက်ကြသည်။

ဆက်လက်စီမံခန့်ခွဲ

ပြန်ကြားရေးဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိ သည့် နိုင်ငံပိုင်ရုပ်ရှင်ရုံ ၂၇ ရုံအနက် ရုပ်ရှင်ရုံ ၂၆ ရုံကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ  အဖွဲ့များအား ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းများကိုဆောင်ရွက်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ လွှဲပြောင်းပေးအပ် ခဲ့ခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ်ရှိ ၀ဇီရာ ၁ ရုပ်ရှင်ရုံကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်ဆိုင်ရာ နိုင်ငံတော်အဆင့် အခမ်းအနားများ စီစဉ်ကျင်းပနိုင်ရန် ပြန်ကြားရေး ဝန်ကြီးဌာနက ဆက်လက်စီမံခန့်ခွဲ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်လမ်းရှိလူထုအခြေပြု ဗဟိုဌာန(ဗဟန်း)သို့ သွားရောက်၍ ကိုယ်ကာယလေ့ကျင့်ခန်း၊ ကလေးစာဖတ်ခန်း၊ ကွန်ပျူတာ  သင်တန်းခန်းမ၊ စာကြည့်တိုက်၊ ပြခန်းများအား ကြည့်ရှုစစ်ဆေးသည်။

အဓိကထား ဆောင်ရွက်

ယင်းနောက် ဘက်စုံသုံးခန်းမတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် ဦးစီးမှူးများအား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြား ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို နိုင်ငံတော်ဝန်ကြီးချုပ်က ဖွဲ့စည်းပုံ တိုးချဲ့ ပြင်ဆင်ပေးခဲ့ပြီးဖြစ်သဖြင့် လုပ်ငန်းများ ယခုထက် ပိုမိုကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါ

ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးများသည် မြို့နယ်တိုင်းတွင် ဖွင့်လှစ်ထား ရှိသဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူများ သတင်း အပြန်အလှန် စီးဆင်းရေးကို အဓိကထားဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့အချိန်တွင်  ဒစ်ဂျစ်တယ် နည်းပညာဖွံ့ဖြိုး တိုးတက်လျက်ရှိပြီး မီဒီယာများ၏အသွင်သဏ္ဌာန်နှင့် မီဒီယာထုတ်လွှင့်မှု ပုံစံများ ပြောင်းလဲ တိုးတက်လျက်ရှိပါကြောင်း၊  ထိုနည်းတူပြည်သူများ၏သတင်းရယူမှုပုံစံများလည်း ပြောင်းလဲ သွားပြီဖြစ်ကြောင်း၊ အထူးသဖြင့် သမား ရိုးကျမီဒီယာများဖြစ်သည့် ပုံနှိပ်မီဒီယာနှင့် ရုပ်သံလွှင့် မီဒီယာများပေါ်မှသတင်းရယူမှု နည်းပါးသွားပြီး Social Media ပလက်ဖောင်းများပေါ်မှ သတင်းများ ရယူနေကြပါကြောင်း။

ထောက်ပံ့ငွေများပေးအပ်

မသမာသူ အဖျက်သမားအချို့က Social Media  ပလက်ဖောင်းများကို အသုံးပြု၍ သတင်းမှားများ၊  သတင်းတုများကို ထုတ်လွှင့်ကာ နိုင်ငံတော်အစိုးရအပေါ် အထင်အမြင် လွဲမှားအောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ သတင်းမှား ထုတ်လွှင့်ဖော်ပြမှု များကို တားဆီးတိုက်ဖျက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြရန်လိုကြောင်း၊  လူထုအခြေပြု ဗဟိုဌာနများတွင် လူငယ်များကို ဗဟိုပြုသည့် အစီအစဉ်များ၊ လူငယ် ဖွံ့ဖြိုးရေးကို ဦးတည်သည့်လှုပ်ရှားမှုကို အဓိကထားဆောင်ရွက် ပေးကြစေလိုကြောင်း၊ လူငယ်များ အသိအမြင် အတွေးအခေါ် မှန်ကန်စေရေးအတွက် ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက် စေလိုကြောင်း ပြောကြားပြီး လက်ဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

သတင်းစဉ်