နေပြည်တော် အောက်တိုဘာ ၉
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဦးထွန်းအုံနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ် ပုဂံမြို့ သီရိပစ္စယာရပ်၊ လောကနန္ဒာ ပရိယတ္တိစာသင်တိုက်သို့ ရောက်ရှိ၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ မေဃိယအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းပဒေသာပင် အလှူငွေကျပ်သိန်း ၅၀ စိုက်ထူလှူဒါန်း၍ ရေစက်သွန်းချ အမျှပေးဝေကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း လျှောက်ထားဆောင်ရွက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လောကနန္ဒာဘုရားအား ဖူးမြော်ပြီး ဘုရားကြီး ဘက်စုံမွမ်းမံပြုပြင်ရန်အတွက် အလှူငွေကျပ်သိန်း ၃၀ ကို စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပက အဖွဲ့သို့ ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ ဘုရားကြီး ထိန်းသိမ်းမှု ဆောင်ရွက်နိုင်ရေး လောကနန္ဒာဘုရား အထက် ပစ္စယာ အရပ်လေးမျက်နှာတွင် ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာနက တပ်ဆင်ထားသည့် ရေချိန်များကို ကြည့်ရှု စစ်ဆေးပြီး ယခုအခါ ဧရာဝတီ မြစ်ရေကြောင်းပြောင်းလဲစီးဆင်းမှုကြောင့် ဘုရား၏ အနောက်တောင်ဘက်မြစ်ကမ်းကို ပြောင်း လဲတိုက်စားသဖြင့် လောကနန္ဒာ ဘုရားနှင့်ရင်ပြင် အနောက်တောင်ထောင့်တို့ အနည်းငယ်နိမ့်ဆင်း သွားခြင်းအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းပူးပေါင်း၍ လောကနန္ဒာဘုရား ပရိဝုဏ်ရှိ ဧရာဝတီမြစ်ကမ်းမြေထိန်းနံရံ ပေ ၈၀၀ ခန့်ကို ၂၀၂၂ ခုနှစ် မိုးမကျမီ ယခုနှစ် နိုဝင်ဘာလမှ ၂၀၂၂ ခုနှစ် မေလအတွင်း အမြန်ဆုံးဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် ညောင်ဦး မြို့ အမှတ်(၇)ရပ်ကွက် အောင်မြေဗောဓိ အလိုတော်ပြည့် စာသင်တိုက်သို့သွားရောက်၍ မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတအား ဖူးမြော်ကြည်ညို ကန်တော့ပြီး ဆွမ်းပဒေသာပင် အလှူငွေကျပ် သိန်း ၅၀ စိုက်ထူလှူဒါန်းသည်။
ဆက်လက်၍ အေဒီ ၁၃ ရာစုတွင် နရသီဟပတေ့မင်းကြီး တည်ထားကိုးကွယ်ခဲ့သော နရသီဟပတေ့ ဘုရားနှင့် အေဒီ ၁၁၉၆ တွင် နရပတိစည်သူမင်းကြီး တည်ထား ကိုးကွယ်ခဲ့သော ဓမ္မရာဇကဘုရား ကြီးတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်