နေပြည်တော် အောက်တိုဘာ ၉
မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်အနီးမြို့ပတ်ကမ်းနားလမ်းတွင် အောက်တိုဘာ ၅ ရက်နေ့က ရခိုင်ပြည်နယ်သို့ ဆီပို့ဆောင်မည့် ဆီဘောက်ဆာ အတွင်းမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အောက်တိုဘာလ ၅ ရက် နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်က ထောက်ကြန့်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေ နေလင်းထွန်း ၄၂ နှစ်(ဘ)ဦးထွန်းနိုင်၊ မောင်းနှင်လာသည့် ISUZU ဆီဘောက်ဆာ(အဖြူရောင်)ယာဉ်အား အမရပူရမြို့နယ်၊ ကမ်းနားလမ်း၊ ရွှေကြက်ယက်ဘုရားအနီးသို့ မောင်းနှင်ရောက်ရှိစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းအရ ရပ်တန့်စစ်ဆေးခဲ့သည်။
ဆီဘောက်ဆာယာဉ်၏ ဆီအကန့် ၅ ကန့်ရှိသည့်အနက် နောက်ဆုံးအကန့်တွင် အံဝှက်ပြုလုပ်၍ သယ်ဆောင်လာသည့် 7.62 MM Assault Rifile Type 81 (KIA ထုတ်) ၂၀၀ လက်၊ 7.62 MM life Machine Gun Type 81(KIAထုတ်) ၂၀ လက်၊ ၎င်းကျည်အိမ် ၅၄ ခု၊ 7.62x39 ကျည် ၃၂၆၄၀ တောင့်၊ 100 MM HE တာဝေးခွင်းဗုံး ၈၉ လုံး၊ အစပျိုးစနက်အုံ ၈၉ ခုနှင့် ဆက်စပ်စ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ဖမ်းဆီးရမိသည့် တရားခံအား စစ်ဆေးမေးမြန်းလျက်ရှိပြီး သတင်းများ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။