Skip to main content

ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ရန်ကုန်မြို့၌ စခန်းသွင်းလေ့ကျင့် နေသော အားကစားအဖွဲ့များ ကြည့်ရှု အားပေး

 

ရန်ကုန်၊ အောက်တိုဘာ ၈

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့ နံနက် ၇နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့လူမှုရေးဝန်ကြီး ဦးဌေးအောင်နှင့်အတူ အင်းယားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး စားရိပ်သာနှင့် အိပ်ဆောင်များကို လိုက်လံကြည့်ရှု စစ်ဆေး၍ အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သုဝဏ္ဏလူငယ်အားကစားလေ့ကျင့်ရေးစခန်းသို့ ရောက်ရှိကာ အရှေ့တောင်အာရှနှင့် နိုင်ငံတကာပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင် ရန် လေ့ကျင့်နေသော မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့်တွေ့ဆုံ  အားပေးစကားပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ ရှေ့ဆက်လက် ဆောင်ရွက်လိုသည့် လုပ်ငန်းစဉ်များကို ပြောကြားပြီး နိုင်ငံတကာ အဆင့်မီတည်ဆောက် နေသည့် ဖူဆယ်အားကစားရုံ ပြီးစီးမှုနှင့် အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ  ပြန်လည် ပြုပြင်မွမ်းမံမှု ပြီးစီးမှုကို လိုက်လံ ကြည့်ရှုကာ သတ်မှတ်ကာတွင်း ပြီးစီးနိုင်ရေး မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြန်မာနိုင်ငံမသန်စွမ်း အဖွဲ့ချုပ် မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ်ဒုတိယဥက္ကဌ ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး အဖွဲ့ချုပ်နှင့်ပတ်သက်၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးပြီး အမှတ်တရသစ်ပင် စိုက်ပျိုးပေးသည်။ ဆက်လက်၍ မြန်မာနိုင်ငံသေ နတ်ပစ်အဖွဲ့ချုပ်၌  စခန်းဝင် အားကစားသမား များ၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကျိုက္ကဆံအားကစားကွင်း အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်အသီးသီးမှ ဥက္ကဌများနှင့် တာဝန်ရှိသူများကို  တွေ့ဆုံပြီး မြန်မာ့ အားကစား တိုးတက်အောင်မြင်ရေးအတွက်  အဖွဲ့ချုပ်များနှင့် ပူးပေါင်း ဆောင်ရွက် ရေး လိုအပ်ချက် များကို ပံ့ပိုးဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းပြီး အဖွဲ့ချုပ်အသီးသီး၏ တင်ပြချက်များ အပေါ် ဖြေရှင်းညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနတို့မှ ဝန်ထမ်းများကို တွေ့ဆုံ၍ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)