Skip to main content

အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း ၂၇ကျောင်း၌ အမျိုးသမီး၇၃၂ဦး စက်ချုပ်သင်တန်းဆင်း

 

နေပြည်တော် စက်တင်ဘာ ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၂၇ကျောင်း တို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဆင်းပွဲများကို ယနေ့နံနက်ပိုင်းတွင်သက်ဆိုင်ရာ သင်တန်းကျောင်း အသီးသီး ကျင်းပသည်။

ဘားအံမြို့ အမျိုးသမီး အိမ် တွင်းမှု သက်မွေးလုပ်ငန်းပညာ  သင်တန်းဆင်းပွဲ အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပခုက္ကူမြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လဟယ်မြို့၊ အမျိုးသမီး အိမ်တွင်း မှုသက်မွေးလုပ်ငန်း ပညာ သင်တန်းဆင်းပွဲ အခမ်းအနားသို့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း တို့ကလည်းကောင်း၊ သင်တန်းကျောင်းအသီးသီး၌ နယ်စပ် ရေးရာဝန်ကြီး ဌာန ကွပ်ကဲမှု  အောက်ရှိ ဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများက လည်းကောင်း တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းဆင်း အောင်လက်မှတ် များနှင့် သင်တန်းထူးချွန်ဆုများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ သင်တန်းများတွင် ဒေသခံ အမျိုးသမီးငယ်များကို နေထိုင် စားသောက်စရိတ်နှင့် သင်ထောက်ကူပစ္စည်းများ အခမဲ့ ထောက်ပံ့ပေးပြီး သင်တန်းပြီးဆုံး ပါကကိုယ်ပိုင်စီးပွားရေး လုပ်ကိုင် နိုင်ရန် အပ်ချုပ်စက်များကို တစ် နှစ်အရစ်ကျ ရောင်းချပေးလျက်ရှိ သည်။ ထို့အပြင် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းနှင့် ပူးပေါင်း၍ ရန်ကုန် မြို့ရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်အကိုင်ရရှိရေး စီစဉ် ဆောင်ရွက်ပေးသွားမည် ဖြစ် သည်။

အိမ်တွင်းမှု သင်တန်း ကျောင်း၂၇ကျောင်းတွင် သင်တန်း သူ စုစုပေါင်း ၇၃၂ ဦးအား မေ ၁၇ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ ရက်သတ္တ ၁၈ ပတ်ကြာ ကိုဗစ်၁၉ စည်းကမ်းချက်များ နှင့်အညီ ဖွင့်လှစ်သင်ကြားပေးပြီး တစ်နှစ် လျှင် သင်တန်းနှစ်ကြိမ် ဖွင့်လှစ် ပေးလျက်ရှိရာ သင်တန်းသူ စုစုပေါင်း ၉၂၆၈၈ ဦး သင်ကြား လေ့ကျင့် မွေးထုတ်ပေးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

 သတင်းစဉ်