Skip to main content

(၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး ဒုတိယနေ့နှင့် အာဆီယံထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၏ ယှဉ်ပြိုင်မှုဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားများကျင်းပ

နေပြည်တော် စက်တင်ဘာ ၉

(၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး ဒုတိယနေ့ကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ဆက်လက်ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးရုံးမှ  ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာနဝန်ကြီး H.E. Dato Dr. Amin Liew Abdullah က သဘာပတိအဖြစ် ဆောင်ရွက် ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံ အဆင့်မြင့် စီးပွားရေး အရာရှိများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ဝန်ကြီးများက ဘရူနိုင်းဒါရုဆလမ်နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဦးစားပေးဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်တိုးတက်မှု အခြေအနေနှင့် အာဆီယံဘက်စုံပြန်လည် ထူထောင်ရေးမူဘောင် အကောင်အထည်ဖော် ပြီးစီးမှုအခြေအနေတို့အပေါ် မှတ်တမ်းတင်ပြီး ဆက်လက်ဆောင်ရွက်ဆဲ လုပ်ငန်း များ အရှိန်မြှင့်တင်ဆောင်ရွက်ရန် ကဏ္ဍဆိုင်ရာလုပ်ငန်းအဖွဲ့များအား   တိုက်တွန်းခဲ့ကြသည်။ ထို့နောက် ဝန်ကြီးများက ကိုဗစ်-၁၉ အလွန် ပြန်လည်ထူထောင်ရေးအတွက် ရေရှည်တည်တံ့သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိစေမည့် စီးပွားရေး မူဝါဒများ ဖော်ဆောင်ရေး ၊ ဒစ်ဂျစ်တယ် စီးပွားရေး ပေါင်းစည်းမှု လုပ်ငန်းစဉ်များ အရှိန်မြှင့်တင် ဆောင်ရွက်ရေးတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပြီး ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့စေရေးနှင့် ဒစ်ဂျစ်တယ် စီးပွားရေးပေါင်းစည်းမှု အရှိန်မြှင့်တင် လာစေရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့် ဘန်ဒါဆီရီဘီဂါဝန် လမ်းပြမြေပုံကို အတည်ပြုခဲ့ကြသည်။ ထို့အပြင် အာဆီယံ စီးပွား‌ရေး ပေါင်းစည်းမှုဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့မှ တင်ပြသည့် အကြံပြုချက်များ၊ အဆင့်မြင့် စီးပွားရေးအရာရှိများက တင်ပြသည့်အစီရင်ခံစာနှင့် အနာဂတ်တွင် ချုပ်ဆိုမည့် အာဆီယံ စီးပွားရေး သဘောတူစာချုပ်များ၏ အကောင်အထည်ဖော်မှု နှောင့်နှေးမှုမရှိစေရန် အဖွဲ့ဝင်နိုင်ငံ အသီးသီး၏ ပြည်တွင်းလုပ်ထုံးလုပ်နည်းများအပေါ် သုံးသပ်မည့် လုပ်ငန်းအဖွဲ့၏ အစီရင်ခံစာ တို့အပေါ် ဝန်ကြီးများက ဆွေးနွေးလမ်းညွှန်ခဲ့ကြသည်။

ထို့နောက် ဝန်ကြီးများသည် စက်တင်ဘာလ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် အာဆီယံ စီးပွားရေးဝန်ကြီးများနှင့် တရုတ်၊ ကိုရီးယား၊ ဆွစ်ဇာလန်၊ အမေရိကန်၊ ဟောင်ကောင် (တရုတ်)၊ အိန္ဒိယ၊ အီးယူ၊ ရုရှား၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ အပေါင်းသုံး (တရုတ်ကိုရီးယား၊ ဂျပန်) ၊  အရှေ့အာရှနှင့် ယူကေနိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၏ အစည်းအဝေး များ၌ ဆွေးနွေးမည့်ကိစ္စရပ်များအပေါ် ကြိုတင်ညှိနှိုင်းခဲ့ကြသည်။

အစည်းအဝေး၏ နံနက်ပိုင်း အစီအစဉ်များတွင် ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်သည် ပြည်ထောင်စုဝန်ကြီးကိုယ်စား တက်ရောက်ခဲ့သည်။ ဒုတိယဝန်ကြီးက ဘရူနိုင်းဒါရုဆလမ်နိုင်ငံ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေစဉ်အတွင်း ဦးစားပေးဆောင်ရွက်လျက် ရှိသည့် စီးပွားရေးလုပ်ငန်းစဉ်များ ပြီးမြောက်မှုကို ကြိုဆိုခဲ့ပါသည်။  ထို့ပြင်ဒုတိယဝန်ကြီးက ဒစ်ဂျစ်တယ်စီးပွားရေး ပေါင်းစည်းမှု အရှိန်မြှင့်တင်လာစေရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့် ဘန်ဒါဆီရီဘီဂါဝန် လမ်းပြမြေပုံ ချမှတ်နိုင်ခြင်းကို ထောက်ခံခဲ့ပြီး၊ အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးမှုအခြေအနေ ကွာခြားချက်အရ အဆိုပါလမ်းပြမြေပုံ အကောင်အထည် ဖော်ရာတွင် စွမ်းဆောင်ရည်မြှင့်တင်မှု အစီအစဉ်များကို ည့်သွင်းရန် အကြံပြုခဲ့ပါသည်။

အစည်းအဝေး၌ ဝန်ကြီးများက  (၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ ပူးတွဲ ထုတ်ပြန်ချက်ကို အတည်ပြုခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ အဖွဲ့အစည်း (အိုအီးစီဒီ) နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့ ပူးပေါင်း ဆောင်ရွက်သည့် အာဆီယံထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၏ ယှဉ်ပြိုင်မှုဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာ ထုတ်ပြန်သည့် အခမ်းအနားသို့ ပါဝင်တက်ရောက်သည်။ အခမ်းအနားသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ ဗြိတိန်နိုင်ငံ၊ ကုန်သွယ်ရေး မူဝါဒဆိုင်ရာဝန်ကြီး၊ အိုအီးစီဒီ အတွင်းရေးမှူးချုပ်၊ အာဆီယံအတွင်းရေးမှူးချုပ် နှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် အာဆီယံ အတွင်းရေးမှူးချုပ် H.E. Dato Lim Jock Hoi က အဖွင့်အမှာ စကားပြောကြားပြီး၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံး ဝန်ကြီးနှင့်  ဘဏ္ဍာရေးနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး H.E. Dato Dr. Amin Liew Abdullah  အိုအီးစီဒီ အတွင်းရေးမှူးချုပ် Mr. Mathias Cormann၊ ဗြိတိန်နိုင်ငံ၊ ကုန်သွယ်ရေး မူဝါဒ ဆိုင်ရာဝန်ကြီး  Rt Hon Greg Hands MP  တို့က မိန့်ခွန်းများ ပြောကြားခဲ့သည်။ ထို့နောက် အိုအီးစီဒီက အာဆီယံစီးပွားရေး ဝန်ကြီးများထံသို့ အာဆီယံထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၏ ယှဉ်ပြိုင်မှုဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာများကို လွှဲပြောင်း‌ပေးအပ် သည့် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနား ပြီးမြောက်ခဲ့သည်။

(သတင်းစဉ်)