Skip to main content

(၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၃၅) ကြိမ်မြောက် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသကောင်စီအစည်းအဝေး၊ (၂၄)ကြိမ်မြောက် အာဆီယံ ရင်းနှီးမြှုပ်နှံမှုဒေသကောင်စီအစည်းအဝေးနှင့် အာဆီယံစီးပွားရေး ဝန်ကြီးများ နှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲများ ကျင်းပ

 

 

နေပြည်တော် စက်တင်ဘာ ၈

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက် ၈နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၅၃)ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေး၊ (၃၅) ကြိမ်မြောက် အာဆီယံလွတ်လပ်သောကုန်သွယ်မှုဒေသကောင်စီ အစည်းအဝေး၊ (၂၄) ကြိမ်မြောက် အာဆီယံရင်းနှီးမြှုပ်နှံမှုဒေသကောင်စီအစည်းအဝေးနှင့် အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲများသို့ နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးရုံးမှ ပါဝင်တက်ရောက်သည်။

 

ပါဝင်တက်ရောက်

အဆိုပါ အစည်းအဝေးများတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ကြီးဌာနဝန်ကြီး H.E. Dato Dr. Amin Liew Abdullah က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဒေသ ကောင်စီဝန်ကြီးများ၊ အာဆီယံ ရင်းနှီးမြှုပ်နှံမှုဒေသကောင်စီ ဝန်ကြီးများ၊ အာဆီယံ အဆင့်မြင့် စီးပွားရေးအရာရှိများ၊ အာဆီယံစီးပွားရေး အကြံပေး ကောင်စီအဖွဲ့ဝင်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

 

ထပ်မံထည့်သွင်းရေး အတည်ပြု

(၃၅)ကြိမ်မြောက် လွတ်လပ်သောကုန်သွယ်မှု ဒေသကောင်စီအစည်းအဝေးကို နံနက် ၈ နာရီတွင် ကျင်းပခဲ့ရာ ဝန်ကြီးများက အာဆီယံ ကုန်စည် ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို မှတ်တမ်းတင်ပြီး ယင်းသဘောတူစာချုပ် ပြန်လည်သုံးသပ်ရေးဆောင်ရွက်မှု အခြေအနေများကို အသိအမှတ်ပြုခဲ့ကြသည်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါကို တုံ့ပြန်ဆောင်ရွက်ရာတွင် ဆေးနှင့် ဆက်စပ်ပစ္စည်းများနှင့် စားသောက်ကုန်ကဲ့သို့သော မရှိမဖြစ်လိုအပ်သည့် အရေးကြီးကုန်စည်များ၏ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သည့် နားလည်မှုစာချွန်လွှာတွင် စားသောက်ကုန်နှင့် စိုက်ပျိုးရေး ထွက်ကုန်များ ထပ်မံထည့် သွင်းရေးကို အတည်ပြုခဲ့ကြသည်။ အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ်နှင့်အညီ ကုန်သွယ်မှုအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သည့် နိုင်ငံအလိုက် ထုတ်ပြန်သည့် အမိန့်ညွှန်ကြားချက်များကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ အသိပေးအကြောင်းကြားရေး ကိစ္စကိုလည်း ဝန်ကြီးများက မှတ်တမ်း တင်ခဲ့ကြသည်။

 

ဆက်လက်ပူးပေါင်းဆောင်ရွက်

 

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ကိုဗစ် -၁၉ နှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် စိန်ခေါ်မှုများရှိနေသော်လည်း အာဆီယံ၏ လုပ်ငန်းစဉ်များတွင် တက်ကြွစွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အာဆီယံ ကုန်စည်ကုန်သွယ်မှု သဘောတူစာချုပ် အကောင်အထည်ဖော်မှု ဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ စာချုပ်ပါအကောက်ခွန်လျှော့ချမှု အစီအစဉ်အရ အကောက်ခွန်လိုင်းများ ချိတ်ဆက်ရာတွင် မှီငြမ်းသည့် လမ်းညွှန်ချက် ရေးဆွဲဆောင်ရွက်ခြင်းသည် ကုန်သွယ်မှု လုပ်ငန်းများအတွက် ပွင့်လင်းမြင်သာမှုနှင့် တိကျသေချာမှုကို အထောက်အကူဖြစ်သည့်အတွက် အဆိုပါလမ်းညွှန်ချက် အပြီးသတ်နိုင်ရေး ဆောင်ရွက်ရန် အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ပေါင်းစပ်ညှိနှိုင်းမှုကော်မတီကို  တိုက်တွန်းခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက အာဆီယံကုန်စည်ကုန်သွယ်ရေး သဘောတူစာချုပ် အထွေထွေ ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းသည် သဘောတူစာချုပ်အောက်ရှိ ကတိကဝတ်များနှင့် ကိုက်ညီမှုမရှိသည့် ပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်ရေးအတွက် အခွင့်အလမ်းကောင်းတစ်ခုဖြစ်ကြောင်း၊ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ပြုစုထားသည့် အဖွဲ့ဝင်နိုင်ငံများအကြား ကာလရှည်ကြာစွာ ဖြေရှင်းနိုင် ခြင်းမရှိသည့် ကိစ္စရပ်များအတွက်လည်း ရှေ့ဆက်လက်ဆောင်ရွက်မည့် နည်းလမ်းများကိုပါ ထည့်သွင်းရန်လိုကြောင်း ဆွေးနွေးခဲ့သည်။

 

နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေး

ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနိုင်ငံတို့မှ ထိုင်း နိုင်ငံသို့ပြောင်းတင်ပို့မှုနှင့်စပ်လျဉ်း၍ ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နိုင်ခဲ့ခြင်းကို ဝမ်းမြောက်ကြောင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံမှထိုင်းနိုင်ငံသို့ တစ်နှစ်ပတ်လုံး ပြောင်းတင်ပို့ခွင့်ရရှိရေးအတွက် ထိုင်းနိုင်ငံက စဉ်းစားပေးရန်ကိုလည်း ပြည်ထောင်စုဝန်ကြီးက တောင်းဆိုခဲ့သည်။

 

ကုန်စည် (၁၀၇) လိုင်းကို ထည့်သွင်း

 

ထို့ပြင် ကိုဗစ်-၁၉ ဖြစ်ပေါ်နေစဉ်အတွင်း အကောက်ခွန်မဟုတ်သည့် အစီအမံများ ဖြေလျှော့ပေးရန်အတွက် ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာ၏ နောက်ဆက်တွဲစာရင်းတွင် အာဆီယံနိုင်ငံများ သဘောတူထားသည့် စားသောက်ကုန်နှင့် စပ်လျဉ်းသည့် ကုန်စည် (၁၀၇) လိုင်းကို ထည့်သွင်းရန်ကိုလည်း သဘောတူခဲ့ကြသည်။

 

ဆက်လက်၍ (၂၄) ကြိမ်မြောက် ရင်းနှီးမြှုပ်နှံမှု ဒေသကောင်စီအစည်းအဝေးကို ကျင်းပခဲ့ရာ ဝန်ကြီးများက အာဆီယံ ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး၊ အာဆီယံ ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာ (၂၀၂၀-၂၀၂၁) နှင့် အာဆီယံရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးမူဘောင်တို့ကို ထုတ်ပြန်ရန် အတည်ပြုခဲ့သည်။ ထို့အပြင် အာဆီယံရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးအစီရင်ခံစာ (၂၀၂၁) နှင့် စပ်လျဉ်းပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ တင်ပြမှုအပေါ် ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြပြီး အဆင့်မြင့် စီးပွားရေးအရာရှိများက ဝန်ကြီးများထံ တင်ပြသည့် အစီရင်ခံစာကို မှတ်တမ်းတင်ခဲ့ကြသည်။

 

လွယ်ကူချောမွေ့စေရေးမူဘောင်

 

ပြည်ထောင်စုဝန်ကြီးကဘရူနိုင်းဒါရူဆလမ်နိုင်ငံ၏ ၂၀၂၁ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ယူစဉ် စီးပွားရေးဦးစားပေး လုပ်ငန်းတစ်ခုဖြစ်သည့် အာဆီယံရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးမူဘောင်ကို ထုတ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကို အသိအမှတ်ပြု ကြိုဆိုပါကြောင်းနှင့် ကိုဗစ်-၁၉ အလွန်ကာလတွင် အာဆီယံဒေသတွင်း ဦးစားပေး မြှင့်တင်သင့်သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဖြေလျှော့ဆောင်ရွက်ပေးမှုများကိုလည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ဆန်းစစ်နိုင်ရန်နှင့် ကိုဗစ်၁၉ ကပ်ရောဂါအလွန် ပြန်လည်ကုစားရေး ဆောင်ရွက်ချက်များကို အထောက်အကူ ပြုနိုင်ရန်အတွက် ဆောင်ရွက်မည့် အာဆီယံ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးမူဘောင်သည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးနှင့် လွယ်ကူချောမွေ့ စေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် SMART လုပ်ငန်း စဉ်များနှင့် ကိုက်ညီမှုရှိခြင်းနှင့် အဆိုပါ အာဆီယံရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေး မူဘောင်ကို ဆက်လက်ဆောင်ရွက်ရန် ထောက်ခံကြောင်း ပြောကြားခဲ့သည်။

 

ပြန်လည်လမ်းညွှန်ဆွေးနွေး

 

ထို့နောက် ဆက်လက်ကျင်းပသည့် စီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေး ဝန်ကြီးများနှင့်အတူ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးအကြံပေးကောင်စီ အဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အာဆီယံစီးပွားရေး အကြံပေးကောင်စီ ဥက္ကဋ္ဌနှင့် အတူ အဖွဲ့ဝင်များက ၂၀၂၁ ခုနှစ်အတွင်း ပုဂ္ဂလိက ကဏ္ဍက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို တင်ပြခဲ့သည်။ ထို့ပြင် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးညီလာခံကျင်းပရန် စီစဉ်ဆောင်ရွက်မှု၊ ထူးချွန်သည့် စီးပွားရေးလုပ်ငန်းများအား ဆုချီးမြှင့်မည့်အစီအစဉ်။ ဒေသတွင်းကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးအတွက် ဆောင်ရွက်မှုအခြေအနေ၊ ကိုဗစ်-၁၉ ကာလအလွန် ဒေသတွင်းစီးပွားရေး ပြန်လည်ကောင်းမွန် စေရန်အတွက် ဆောင်ရွက်လျက်ရှိသည့် ဒစ်ဂျစ်တယ် ကုန်သွယ်ရေးကွန်ရက် ထူထောင်မှုအခြေအနေ၊ ကျန်းမာရေးနှင့် ခရီးသွားလာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် အကြံပြုချက်များကို တင်ပြခဲ့ရာ ဝန်ကြီးများက ပြန်လည်လမ်းညွှန် ဆွေးနွေးခဲ့ကြသည်။ ။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ခြင်းနှင့် ကုသရေးလုပ်ငန်းများ၌ အစိုးရ-ပုဂ္ဂလိက နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ၊ ကူးစက်မှုနှုန်းကို အတိုင်းအတာ တစ်ခုအထိ အောင်မြင်စွာ ထိန်းချုပ်ဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေး သက်ရောက်မှုများကို ကုစားနိုင်ရန်အတွက် ကာလလတ်စီမံကိန်းဖြစ်သည့် မြန်မာနိုင်ငံစီးပွားရေး ပြန်လည် ဦးမော့စေရေးစီမံချက်ကို ကုလသမဂ္ဂ၏ထောင်စုနှစ်ရည်မှန်းချက်၊ အာဆီယံဘက်စုံပြန်လည် ထူထောင်ရေး မူဘောင်နှင့် ဂျီအမ်အက်စ်လုပ်ငန်း အစီအစဉ်များနှင့်အညီ ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြား ခဲ့သည်။

 

ဆက်လက်ကျင်းပမည်

ထို့နောက် ညနေပိုင်းတွင် (၅၃) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပခဲ့ရာ ဝန်ကြီးများက နိုင်ငံအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု၊ ကာကွယ်ဆေးထိုးနှံမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ကုန်၌ ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သည့် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအား ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ ရောဂါဖြစ်ပွား နေစဉ်အတွင်း မရှိမဖြစ်လိုအပ်သည့် ဆေးဝါးများနှင့် ဆေးကိရိယာများကို လွယ်ကူစွာတင်သွင်း၊ ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။ (၅၃)ကြိမ်မြောက် အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို စက်တင်ဘာ ၉ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်သည်။

ကိုယ်စားလှယ်များ ပါဝင်တက်ရောက် အဆိုပါ အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အရာရှိကြီးများ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နှင့်စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။

 

သတင်းစဉ်