နေပြည်တော်၊ စက်တင်ဘာ ၈
၁။အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် အကြမ်းဖက်လုပ်ရပ်များကို ဦးစီးဆောင်ရွက်နေ သော NUG အဖွဲ့အနေဖြင့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် နေ့တွင် “ အရေးပေါ် အခြေအနေကြေညာခြင်း ” ဆိုသည့် ကြေညာချက်တစ်ရပ် ထုတ်ပြန်၍ ပြည်သူလူထု၏ လူမှု စီးပွားဘဝများနှင့် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားအောင် အကြမ်းဖက် လှုံ့ဆော်လာသည်ကို တွေ့ရှိရပါသည်။
၂။ ၎င်းအကြမ်းဖက်လှုံ့ဆော်ချက်အား မူတည်၍ PDF အမည်ခံ အကြမ်းဖက် အဖွဲ့များနှင့် အချို့ EAO အဖွဲ့များထဲမှ အစိတ်အပိုင်းအချို့ကလည်း ၎င်းအကြမ်းဖက် လှုံ့ဆော်ချက်ကို အားပေးသည့် ထုတ်ပြန်ချက်၊ ပြောဆိုချက်များပြုလုပ်၍ ပြည်သူ လူထုကို ခြိမ်းခြောက်လျက်ရှိသည်ကို တွေ့ရပါသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်း၊ ဥပဒေနှင့်အညီ ရင်ဆိုင်ဖြေရှင်းရန် မကြိုးစားဘဲ ဒီမိုကရေစီနှင့် ဆန့်ကျင် သည့် အကြမ်းဖက်နည်းလမ်းကို ရွေးချယ်ဆောင်ရွက် ခဲ့ကြောင်း တွေ့ရှိရပါသည်။
၃။ NCA စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ(EAOs) ဖြင့်ဖွဲ့စည်း ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)၏ အစည်းအဝေး (၁၉/၂၀၂၁) ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး အဖွဲ့ ၉ ဖွဲ့မှ အစည်းအဝေးတက်ရောက်သူ ၃၅ ဦးရှိကြောင်း သိရှိရပါသည်။ PPST အဖွဲ့ခေါင်းဆောင်၊ NMSP (မွန်)အဖွဲ့ဥက္ကဋ္ဌ နိုင်အောင်မင်းက အဖွင့်မိန့်ခွန်းပြောကြားရာတွင် PPST အနေဖြင့် လက်ရှိ နိုင်ငံရေး အကျပ်အတည်း ကိုဖြေရှင်းရာ၌ NCA စာချုပ်၏ အနှစ်သာရကိုအခြေခံပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေး ပွဲများ ကျင်းပခြင်းဖြင့် ဖြေရှင်းရန် ကြိုးစား ဆောင်ရွက်သွားမည်ဟု အတိအလင်းကြေညာပြီး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာလုပ်ငန်းများအတွက် ပြည်သူ လူထုအားလုံး ကာကွယ်ဆေး အမြန်ဆုံး ထိုးနှံပေးနိုင်ရေး ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည် ကို တွေ့ရှိရပါသည်။
၄။ ၎င်းအစည်းအဝေး၌ အဖွဲ့ဝင်များက ဆက်လက်ဆွေးနွေး ကြရာတွင် နိုင်ငံတော်အစိုးရနှင့် NUG တို့၏ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှု အနေအထားသည် တိုင်းပြည်နှင့်လူထုအတွက် ထိခိုက် နစ်နာမှုရှိနေကြောင်း၊ NUG အနေဖြင့် စက်တင်ဘာ လ တွင် ကျင်းပမည့်ကုလသမဂ္ဂ အထွေထွေ အစည်းအဝေးတွင် အစိုးရအား နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဖြတ်တောက်ရန်ကြိုးစားနေ ကြောင်း၊ NCA အပေါ် ရပ်တည်ချက်နှင့်ပတ်သက်၍ KNU/KNLA(PC)အဖွဲ့အနေဖြင့် NCA အပေါ် တွင်သာ ဆက်လက် ရပ်တည်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့ကြသည်ဟု သိရှိရပါသည်။
၅။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော် တာဝန်များကို ရယူပြီးသည့်အချိန်မှစ၍ နိုင်ငံတော်၏ ရှေ့ လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ရာ ၎င်းလုပ်ငန်း စဉ်နှင့်ဦးတည်ချက်တို့၌ “ တစ်နိုင်ငံ လုံးထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ပါ သဘောတူ ညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည် ” ဟု အတိအလင်းကြေညာထားခဲ့ပြီး ၎င်းအတိုင်းလုပ်ဆောင်လျက်ရှိသည်။
၆။ တပ်မတော်အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့်ထာဝရငြိမ်းချမ်းရေး ထုတ်ပြန်ချက်များ ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ယနေ့အထိ ၂၀ ကြိမ် ထုတ်ပြန်ခဲ့ပြီး ယနေ့အထိ ၂ နှစ်နှင့် ၈ လ ကျော် အချိန်ကာလပေး၍ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးကို တည်ဆောက် ခဲ့ပါသည်။
၇။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် ထာဝရငြိမ်းချမ်းရေး အောင်မြင် ပြီးဆုံး သည်အထိ လိုအပ်၍ တပ်မတော်နှင့်တွေ့ဆုံဆွေးနွေးရန်ရှိလာပါက ဆက်လက် ဆွေးနွေးနိုင်ရေး အတွက် တပ်မတော်၏ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီ ကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြင်ဆင်ဖြည့်စွက်ဖွဲ့စည်း၍ တွေ့ဆုံ ဆွေးနွေးမှု လမ်းကြောင်းကို အစဉ်ဖွင့်လှစ် ထားရှိခဲ့ပါသည်။
၈။ လက်ရှိအခြေအနေတွင် တစ်ကမ္ဘာလုံး၌ ကိုဗစ်-၁၉ ကပ်ရောဂါကို ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ ယခုအထိ ခံစားနေရသောကာလဖြစ်ပါသည်။ ၎င်းကာလ၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် “ပြည်သူလူထု၏ အသက်ထက် အရေး ကြီးတာ ဘာမှမရှိ ” ဟူသောမူဝါဒဖြင့် တစ်နိုင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များကို ရှိသမျှခွန်အား၊ စွမ်းအားဖြင့် အားကုန်ကြိုးပမ်း လျက်ရှိသည်။ မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းကာလ၊ ဇူလိုင်လတတိယ ပတ်အတွင်း ရောဂါပိုး စစ်ဆေး ခဲ့သူများအနက် ၄၁ ရာခိုင်နှုန်းခန့်မှာ ပိုးတွေ့ခဲ့သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို အားသွန်ခွန် စိုက်ဆောင်ရွက်ခဲ့ရာ ယခု စက်တင်ဘာ လဆန်းပိုင်း၌ ရောဂါပိုးတွေ့ရှိသူ ၁၀.၃၇ ရာခိုင်နှုန်း သာရှိတော့သဖြင့် ၃၀ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့ပါသည်။
၉။ ကိုဗစ်-၁၉ ရောဂါသည် ဗီဇပြောင်းလဲနိုင်စွမ်းမြင့်မားသည် ဗိုင်းရပ်စ်ရောဂါ ပိုးကိုအခြေခံပြီး ဖြစ်ပွားပျံ့နှံ့သောရောဂါဖြစ်၍ အလျဉ်းပျောက်ကင်းနိုင်သော ရောဂါ မဟုတ်ကြောင်း တွေ့ရှိရပါသည်။ မိမိတို့နိုင်ငံအပါအဝင် ကမ္ဘာတစ်ဝှမ်းလုံး အချိန် အတိုင်းအတာတစ်ခုအထိ ဂရုပြုစောင့်ကြည့် ကာကွယ်၊ ထိန်းချုပ်ရမည့် ရောဂါ ဖြစ်သည်။
၁၀။ EAO များ တည်ရှိရာ ဒေသအတွင်းရှိ ပြည်သူများ၊ စစ်ဘေးရှောင်စခန်း များရှိပြည်သူများ၊ ရခိုင်ပြည်နယ်အတွင်းရှိဘင်္ဂါလီများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပါသည်။ တစ်နိုင်ငံလုံးရှိ ဆေးရုံ၊ ဆေးပေးခန်းများ အဆင့်မြှင့်တင်ရေး၊ ကိုဗစ်-၁၉ ရောဂါကို ကုသနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မည်သည့်ဒေသ၊ မည်သည့်လူမျိုး၊ မည်သည့်အဖွဲ့အစည်းကိုမှ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်ရေးနှင့် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များ၌ ချန်လှပ် ထားမည်မဟုတ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်က မကြာခဏပြောကြားခဲ့ပြီးဖြစ်ပါသည်။
၁၁။ ၎င်းကဲ့သို့အခြေအနေမျိုးတွင် အကြမ်းဖက် NUG အဖွဲ့အနေဖြင့် ပြည်သူ လူထုနှင့် နိုင်ငံ တော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေမည့် လှုံ့ဆော်ကြေညာ ချက်များပြုလုပ်ခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် များကို NLD ပါတီအစွန်း ရောက်များ၊ NUG ၊ CRPH နှင့် PDF အမည်ခံအကြမ်းဖက် များက ကိုယ်ထိလက်ရောက်ဗုံးခွဲ၊ တိုက်ခိုက်၊ ပစ်ခတ်မှုဖြစ်စဉ် များရှိနေသည်ကို စိတ်မကောင်းဖွယ် တွေ့ရှိရပါသည်။ ၎င်းဖြစ်စဉ် များနှင့် အပြစ်မဲ့ပြည်သူများကို ၎င်းအကြမ်းဖက်အဖွဲ့များက သတ်ဖြတ်နှိပ်စက်နေမှုများကိုလည်း နိုင်ငံတကာအဖွဲ့အစည်း အားလုံးက သိရှိထားရန် လိုအပ်ပါသည်။
၁၂။ NUG ၏ အကြမ်းဖက်လှုံ့ဆော်ကြေညာမှုအပေါ် KNU ဒူးပလာယာခရိုင်နှင့် ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် ဖွံ့ဖြိုးရေးတို့ကို လက်တွေ့ ဆောင်ရွက်နေသည့် HELP၊ Health၊ Education and Literacy Project တို့နှင့် အခြားအဖွဲ့အစည်းများ မှလည်း ကန့်ကွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
၁၃။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း စဉ်များကို မြန်မာနိုင်ငံတစ်ဝှမ်းလုံး ထိရောက်လွှမ်းခြုံအောင် ဆောင်ရွက်နိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်မှုရှိစေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံတိုးတက်မှုရှိစေ ရေးနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုရှိစေရေး တို့ကို ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ပါ သည်။ နိုင်ငံ့အရေး၊ အမျိုး သားအရေးကို အလေးထားသည့် အဖွဲ့အစည်းအားလုံးနှင့် တိုင်းရင်း သားပြည်သူလူထု တစ်ရပ်လုံး ကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးပါရန် သတင်းထုတ် ပြန် အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ