Skip to main content

စားသုံးဆီဖူလုံ ပိုလျှံရေး စကားဝိုင်းဆွေးနွေး

 

နေပြည်တော် စက်တင်ဘာ ၈

ပြည်တွင်းစားသုံးသူများ  သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီ စားသုံးနိုင်ရန်နှင့် ဖူလုံရန်၊  ပြည်ပပို့ကုန်တိုးမြှင့်ရေးအတွက် ဆီထွက်သီးနှံစိုက် ပျိုးထုတ်လုပ်မှု တန်ဖိုးကွင်းဆက်တစ် လျှောက်ရှိ ပါဝင်ပတ်သက်နေသူများ အားလုံးတွေ့ကြုံနေရသည့် အခက်အခဲများအား ဝိုင်းဝန်း ဖြေရှင်း သွားမည်ဖြစ် ကြောင်း ယနေ့ကျင်းပသည့် မြန်မာနိုင်ငံ၏ စားသုံးဆီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗုဒ္ဓဟူးနေ့ စကားဝိုင်းအစီအစဉ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ဆွေးနွေးပြောကြားသည်။

အဆိုပါ စကားဝိုင်း အစီအစဉ်သို့ ညွှန်ကြားရေးမှူးချုပ်များ ပါမောက္ခချုပ်များနှင့် ဌာနဆိုင်ရာများ တိုင်းဒေသကြီးပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြသည်။

စကားဝိုင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီးက ဆီထွက်သီးနှံ မျိုးကောင်း မျိုးသန့်လိုအပ်ချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ် သော သွင်းအားစုများ ၊ စိုက်ပျိုးစရိတ်များ ရရှိရေး၊ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် စက်ကိရိယာများ တိုးချဲ့သုံးစွဲ နိုင်ရေး စီမံဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ ၊ ပုဂ္ဂလိက လုပ်ငန်းရှင် များအား ကန်ထရိုက်လယ် ယာစနစ်တွင် ပါဝင်ဆောင်ရွက်ရေး အားပေးကူညီလျက်ရှိကြောင်း ၊ ပြည်ပမှတင်သွင်းလာသည့် စားအုန်းဆီများကို အရည်အသွေး စနစ်တကျ စစ်ဆေးနိုင်ရန်နှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တို့ကို ရှေ့လုပ်ငန်းစဉ်များ အဖြစ် အကောင်အထည် ဖော်ဆောင်ရွက် သွားမည်ဖြစ်ပြီး  မြေပဲ၊  နှမ်း အပြင် အလားအလာကောင်းသော ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင် ရေးကိုလည်း ရေမြေရာသီ ဥတုများအပေါ်မူတည်၍ ဒေသအလိုက် သီးနှံပုံစံများ ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

နေပြည်တော်ကောင်စီနယ်မြေအတွင်း ဆီစားသုံးမှုနှင့် ဆီအမျိုးအစား စစ်တမ်းကောက်ယူသကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဆီစားသုံးမှုနှင့် ဆီအမျိုးအစား စစ်တမ်း ကောက်ယူနိုင် ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါစစ်တမ်းများ ထွက်ပေါ်လာမှုကို အခြေခံ၍  ပြည်တွင်းစား သုံးမှု ဖူလုံရေးနှင့် ပို့ကုန်တိုးမြှင့်ရေး အစီအမံများရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အလားတူ ဆီထွက်သီးနှံများတွင် သီးနှံအလိုက်ပါဝင်သည့် ဆီပါဝင်မှုနှုန်း ပမာဏအားသိရှိရန် အသေးစိတ်လေ့လာခြင်း၊ ဆီဖူလုံရေး အတွက် အလားလာ ရှိသည့် ဆီထွက်သီးနှံများကို ဖော်ထုတ်အသုံးချရေး ၊ ဆီအရည်အသွေး ထိန်းသိမ်းရန်အတွက် ထုပ်ပိုးမှုနှင့် အညွှန်းဖော်ပြမှု စနစ်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး၊ ဆီကုန်ထုတ်စွမ်းအား တိုးတက်ရန် နှင့် ထုတ်လုပ်မှု စရိတ် လျော့ချ နိုင်ရန် စက်မှုလယ်ယာစနစ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊  ရေမြေရာသီဥတု အနေအထား၊ ဆည်ရေသောက် ဧရိယာများ အပေါ်မူတည်၍ သီးနှံစိုက်ပျိုးမှုစနစ် ပြောင်းလဲ ဆောင်ရွက်နိုင်ရေးတို့ကို တွန်းအားပေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)