Skip to main content

အကြမ်းဖက်အဖွဲ့က လေလှိုင်းမှ နောက်တစ်ဖန် ပြန်လည်မွှေနှောက်ခြင်း

အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် NUG က ကြေညာချက်တစ်ရပ်ကို လေထဲမှထုတ်လွှင့်ခဲ့ရာ ယင်းကြေညာချက်ကို ပြည်ဖျက်မီဒီယာများက D-Day စတင်ကြောင်း ကြေညာခြင်း၊ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကြေညာခြင်း၊ ပြည်သူ့တော်လှန်ရေး စတင်ခြင်းအဖြစ် အသီးသီးထုတ်လွှင့်ခဲ့ကြပြီး အယုံလွယ်သူတို့ အပြေးအလွှား ဆန်ဝယ်၊ ဆီဝယ်၊ စုကြ၊ ဆောင်းကြနှင့်လူမှုကွန်ရက်မှ ခိုင်းသမျှ လိုက်လုပ်ခဲ့ကြသည်ကို တွေ့ရသည်။

D-Day ဟု အမည်တပ်၍ ထုတ်လွှင့်ကြေညာချက်၏ အနှစ်ချုပ်မှာ ပြည်သူလူထုအတွင်း စိုးရိမ်စိတ်များဖြင့် မတည်မငြိမ်မှု ဖြစ်ပေါ်လာစေရန် ရည်ရွယ်ရင်း သက်သက်သာဖြစ်သည်။ တစ်နည်းအားဖြင့် တိုင်းရင်းသားလက်နက်ကိုင်တို့၏ နယ်မြေသို့ သွားရောက်ကာ အကြမ်းဖက်အဖျက် ရက်တိုသင်တန်းများ တက်ရောက်ခဲ့ကြပြီး မြို့ကြီးများတွင် ပြန်လည်ခိုဝင်နေထိုင်ကြကာ လူသတ်၊ ဖောက်ခွဲလုပ်ရပ်များ လုပ်ကိုင်နေကြသည့် အကြမ်းဖက်အုပ်စုများ ဖော်ထုတ် ဖမ်းဆီးခံရခြင်း၊ လက်နက်ခဲယမ်း မီးကျောက်များ အမြောက်အမြား သိမ်းဆည်းခံရခြင်းတို့ကြောင့် မြို့ပြနယ်မြေဒေသများ တည်ငြိမ် အေးချမ်းမှုရရှိလာချိန်တွင် NUG က နောက်တစ်ဖန်ပြန်လည် မွှေနှောက်ကာ ပြည်သူလူထုအတွင်း တစ်ဦးနှင့်တစ်ဦး မယုံသင်္ကာ စိတ်များနှင့် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်အောင်၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုတွင် အနှောင့်အယှက်ဖြစ်အောင်ဖန်တီးလိုက်ခြင်းပင် ဖြစ်သည်။

တော်လှန်ရေးစတင်ပြီဟု အသံပေးလိုက်သူက ဘေးကင်းရန်ကင်းသည့် နယ်မြေတွင် ခိုလှုံနေကြပြီး အနေအစားမပျက်အသံ ပေးရုံသာပေးလိုက်ခြင်းဖြစ်သည်။ လတ်တလောတွင်မူ ဈေးကွက်ထဲမှ ဆန်ဈေး၊ ဆီဈေးကို လှုပ်ကုန်ကြပြီး ဝင်ငွေနည်းပြည်သူတို့ သောကဖွေကြရသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်အကိုင်များ ရပ်နားထားကြရပြီး စီးပွားရေးအခြေအနေတို့ ယိမ်းယိုင် ကျားကန်နေရသည့်အခြေအနေတွင် ပြည်သူလူထုအတွင်း နောက်ထပ်ဝေဒနာတစ်ခုကို ထပ်မံဖြန့်ကြဲပေးလိုက်ခြင်းက ရက်စက်သည့်လုပ်ရပ်ပင်ဖြစ်သည်။ D-Day ဟု အမည်ခံထားခြင်းဖြစ်သည့်အတွက် နောက်ဆက်တွဲအကြမ်းဖက်လုပ်ရပ်တို့ ရက်ပိုင်းအတွင်း ပြုလုပ်လာနိုင်သည်ကို သတိပြုကြရမည်ဖြစ်သော်လည်း ဖေ့စ်ဘုတ်ပေါ်တွင် ရေးသားနေသမျှကို ယုံကြည်ကာ စိုးရိမ်ထိတ်လန့်နေကြရန် မလိုပေ။ မိမိတို့နေထိုင်ရာ ရပ်ရွာများအတွင်း တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးအတွက် အဖျက်အမှောင့်သမားများ မိမိပတ်ဝန်းကျင်၌ ခိုဝင်မနေစေရေး၊ အဖျက်အမှောင့်လုပ်ရပ်များ မလုပ်ကိုင်နိုင်စေရေး ကာကွယ်တားဆီးသွားကြရမည်။ ရပ်ရွာ လုံခြုံရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။

ထို့အပြင် လူမှုကွန်ရက်ပေါ်မှ သတင်းအတုအယောင်များ၊ သတင်းအမှားများကို မစူးမစမ်း၊ မဆင်မခြင် ယုံကြည်ခြင်း၊ ထပ်ဆင့် ဖြန့်ဝေခြင်းကို မပြုမိရန်လည်း လိုအပ်သည်။ ကောလာဟလများ နှင့်သတင်းအမှားများက အခြေအနေကို ပို၍ရှုပ်ထွေးစေပြီး မကောင်းသော အကျိုးရလဒ်တို့ကိုသာ ဖြစ်ပေါ်စေမည်ဖြစ်သည်ကိုလည်း ဂရုပြုကြရန်လိုသည်။ ပြည်သူလူထုအတွင်း သတင်းအမှားများ ပျံ့နှံ့နေမှုနှင့်အတူ ကင်ကြိုဖြစ်ပေါ်နေသည့် စိုးရိမ်ထိတ်လန့်မှုတို့က မုဆိုးမအိမ်မှ ဆန်ကောတစ်ချပ်လေးထဲသို့ လွင့်ပါသည်မှ အစပြုကာ ပျူမြို့ပြနိုင်ငံ ပျက်စီးရသည့်အဖြစ်မျိုးကဲ့သို့ ရောက်ရှိသွားစေနိုင်သည်။

ပစ္စက္ခကာလတွင် မိမိတို့ ရင်ဆိုင်ကျော်ဖြတ်ကြရမည့် စိန်ခေါ်မှု နှစ်ခုမှာ ကိုဗစ်-၁၉ ကပ်ရောဂါနှင့်မြို့ပြရပ်ရွာများ တည်ငြိမ်အေးချမ်း ရေးပင်ဖြစ်သည်။ ယင်းနှစ်ခုလုံးကို အောင်မြင်နိုင်ရေးတွင် ပြည်သူ တို့၏ စုပေါင်းစွမ်းအားများက ပဓာနကျအရေးပါသည်။ ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုဖြင့် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု လျော့ကျရေး အောင်မြင်သကဲ့သို့ အကြမ်းဖက်အဖျက်သမားများ ဖော်ထုတ်ရေးတွင်လည်း အောင်မြင်သည့်သာဓကတို့ ရှိခဲ့ပြီးဖြစ်ရာ လေထဲမှ အသံပေးခဲ့သည့် ကြေညာချက်နှင့်အတူ အကြမ်းဖက်အဖျက်အုပ်စုတို့၏ နှောင့်ယှက်ထိပါးမှုကို ပြုလုပ်လာပါကလည်း ရပ်ရွာဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဦးတည်၍ ဝိုင်းဝန်းနှိမ်နင်းကြရန်သာ ဖြစ်ပါကြောင်း။