Skip to main content

ဘားအံ၊ မဟာအောင်မြေ၊ မူဆယ်နှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၅

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၄ ရက် နံနက် ၇ နာရီတွင် ဘားအံ မြို့နယ် အိနွှဲကျေးရွာအုပ်စု ကော့ခမိတ်ကျေးရွာရှိ တင်လှိုင်ထူး(ခ) ပိလိကီး၏နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်(၁) ၆၆ လမ်း ၄၁ လမ်းနှင့် ၄၂ လမ်းကြား ပိတောက်လမ်းရှိ တည်းခိုခန်းတွင် တည်းခိုနေထိုင်သူ မြင့်ထွန်း၏အခန်းသို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ အိုက်စ်သုည ဒသမ ၈၀၅ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၁၃၀တို့ကို လည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် အိမ်အမှတ်(၁၀/၁၉၈)နေ ဟုန်ကျင်ကျုံး၏ နေအိမ်သို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၅၀ ကို လည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ထို့အတူ စက်တင်ဘာ ၂ ရက် ညနေ ၅ နာရီခွဲတွင် လားရှိုးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် လားရှိုးမြို့ အောင်သစ္စာရပ်ကွက် တာပုံလမ်းဆုံတွင် ဒိုင်ဇောင်း မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ၂၆ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်