
နေပြည်တော်၊ စက်တင်ဘာ ၅
နိုင်ငံတော်အတွင်း နေထိုင်ကြသော ပြည်သူလူထုများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက် တစ်စိတ်တပိုင်းအဖြစ် အထောက်အကူပြုသည့် ဆက်သွယ်ရေးကွန်ယက်များအား နိုင်ငံတစ်ဝှမ်းလုံး ဖြန့်ကျက်နိုင်စေရန် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်စီစဉ်ညွှန်ကြားမှုများဖြင့် ဆက်သွယ်ရေး တာဝါတိုင်များအား အမြို့မြို့၊ အနယ်နယ်တိုင်း၌ တွန်းအားပေးစိုက်ထူ ဆောင်ရွက်ပေးထား ရှိခဲ့သည်ကို အေးချမ်းစွာနေထိုင်လိုခြင်းမရှိဘဲ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သူများက အဆိုပါဆက်သွယ်ရေး တာဝါတိုင်များအနက် အချို့အား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်လာကြသည်ကို တွေ့ရှိရပါသည်။
ထိုသို့ ဖျက်ဆီးခြင်းများဆောင်ရွက်ခဲ့ရာတွင် စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ် အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ ရွှေလျှံအနောက်ကျေးရွာ၏ အနောက်ဘက် ၂ ဖာလုံခန့်အကွာ လယ်ကွင်းအတွင်း၌ စိုက်ထူထားရှိသည့် MYTEL ဆက်သွယ်ရေး တာဝါတိုင် အောက်ခြေရှိ ထိန်းချုပ်ရေးစက်ခန်းအား အမှိုက်များထည့်သွင်းကာ မီးရှို့ဖျက်ဆီးခဲ့သဖြင့် အဆိုပါ စက်ခန်းအတွင်းရှိ စက်ပစ္စည်းများနှင့် ကေဘယ်လ်ကြိုးများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ထို့အတူ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း မြို့နယ်၊ တကောင်း-ဗန်းမော်ကားလမ်း၏ မိုင်တိုင်အမှတ် ၁၅ မိုင် ၁ ဖာလုံအနီး လမ်း၏အရှေ့ ဘက်တွင် စိုက်ထူထုတ်လွှင့်လျက်ရှိသော Ooredoo ဆက်သွယ်ရေးတာဝါတိုင် အောက်ခြေရှိ တာဝါတိုင်ထိန်းချုပ်ထုတ်လွှင့်ရေးစက်များထည့်ထားသည့် စက်ပုံးအား အကြမ်းဖက်သူ များက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့၍ အဆိုပါစက်ပုံး၊ စက်ပုံးအတွင်းရှိ စက်များနှင့် ကေဘယ်လ် ကြိုးများ ပျက်စီးဆုံးရှုံးခဲ့ပါသည်။
အလားတူ နံနက် ၂ နာရီအချိန်ခန့်တွင်ပင် မတ္တရာမြို့နယ်၊ ပတ်လည်အင်းကျေးရွာနေ ဦးကျော်စိုး (၅၀)နှစ်၏ နေအိမ်ခြံဝင်းအတွင်း စိုက်ထူ၍ ထုတ်လွှင့်လျက်ရှိသော Ooredoo ဆက်သွယ်ရေး တာဝါတိုင်အနီးသို့ ကျေးရွာ၏အရှေ့ဘက်မှ မောင်းနှင်လာသည့် အကြမ်းဖက်သူ ၃ ဦး(စိစစ်ဆဲ) စီးနင်းလာသည့် ဆိုင်ကယ် ၂ စီးရောက်ရှိလာပြီး ၎င်းတို့ ၃ ဦးအနက် အကြမ်းဖက်သူ တစ်ဦးက တာဝါတိုင်ဝင်းအတွင်း ဝင်ရောက်ကာ တာဝါတိုင်အောက်ခြေရှိ တာဝါတိုင်ထိန်းချုပ် ထုတ်လွှင့်ရေး စက်များထည့်ထားသည့် စက်ပုံးအား အသင့်ယူဆောင်လာသော ဓာတ်ဆီပုံးဖြင့် လောင်းကာ မီးရှို့၍ ရွာလယ်လမ်းအတိုင်း စဉ့်ကူးမြို့နယ်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် အဆိုပါစက်ပုံး မီးလောင်မှုဖြစ်ပေါ်ခဲ့ပြီး အနီးအနားရှိ ကျေးရွာသားများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၁၅ မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် တာဝါတိုင်အောက်ခြေရှိ စက်ပုံးအတွင်းရှိ စက်များနှင့် ကေဘယ်လ်ကြိုးများ မီးလောင်ဆုံးရှုံးခဲ့ပါသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိပါသည်။
သတင်းစဉ်