Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရုရှားဖက်ဒရေးရှင်း နိုင်ငံတွင် ကျင်းပပြုလုပ်သည့် International Army Games-2021 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၄ ရက်ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ မျိုးချစ်ပန်းခြံရှိ Congress စင်တာတွင် ကျင်းပ ပြုလုပ်သည့် International Army Games-2021 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက် လာကြသူများနှင့် အတူ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-1) နောက်ဆုံး ဗိုလ်လုပွဲစဉ်အဖြစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် အဇာဘိုင်ဂျန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များ၏ ယှဉ်ပြိုင်နေမှု များကို ကြည့်ရှု အားပေးခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အသင်းက စံချိန် ၁ နာရီ ၃၆ မိနစ် ၄၉ စက္ကန့်ဖြင့် ပထမနေရာမှ ပန်းဝင်ခဲ့ပြီး ၎င်းနောက်မှ တရုတ်နိုင်ငံ၊ ကာဇက်စတန်နိုင်ငံနှင့် အဇာဘိုင်ဂျန် နိုင်ငံတို့မှ တင့်တပ်ဖွဲ့ ဝင်များက ရှေ့နောက် ပန်းဝင်နိုင်ခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် International Army Games-2021 ပိတ်ပွဲ အခမ်းအနားနှင့် ရုရှားကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu မှ တည်ခင်းဧည့်ခံသည့်

ဂုဏ်ပြုညစာစားပွဲသို့ ပါဝင်တက်ရောက်ခဲ့ကြသည်။ ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ် ရေးဝန်ကြီး ကိုယ်စား ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ Chief of the General Staff ဖြစ်သူ Army General Valery Gerasimov ကဂုဏ်ပြုချီးကျူးကြောင်းနှင့် ပြိုင်ပွဲဝင် အသင်းသားများနှင့် ပူးပေါင်းပါဝင် ယှဉ်ပြိုင်ရန် စေလွှတ်ပေးသည့် နိုင်ငံများ၏ အကြီးအကဲများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူ အသီးသီးက တင့်ကားမောင်းနှင် ပစ်ခတ်ခြင်း ပြိုင်ပွဲ Tank Biathlon (Division-1) တွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်တင့် တပ်ဖွဲ့ဝင်များအားဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီး Entertainment များဖြင့်ဖျော်ဖြေဧည့်ခံကြပြီးနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး Army General Kuzhugetovich Shoigu က Video မှ တဆင့် အခမ်းအနားကို ပိတ်သိမ်း ပေးခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် တက်ရောက်လာကြသည့် နိုင်ငံအလိုက်မှ တပ်မတော် အရာရှိကြီးများသည် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြသည်။

အဆိုပါ International Army Games-2021 ကို နိုင်ငံပေါင်း ၄၃ နိုင်ငံမှ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး စစ်မြေပြင်စွမ်းရည်ပြိုင်ပွဲ ၃၄ မျိုးပါဝင်ကာ ရုရှားနိုင်ငံအပါအဝင် ၁၂ နိုင်ငံ၌ ပြိုင်ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့် စတုတ္ထအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကာ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့ စွမ်းရည်ပြိုင်ပွဲ၊ လေကြောင်း ချီတပ်စုများ စွမ်းရည်ပြိုင်ပွဲများအပြင် ဆက်စပ်ပြိုင်ပွဲ တစ်ရပ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှု ဆိုင်ရာပြိုင်ပွဲ Creative Competition တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။