နေပြည်တော်၊ စက်တင်ဘာ ၄
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်လျက်ရှိပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ကုသရေးဆေးရုံများ၌ ကျန်းမာရေးဝန်ထမ်းများ မလုံလောက်မှုကြောင့် ထပ်မံဖွင့်လှစ်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (ဖောင်ကြီး)တွင် တပ်မတော်မှ ပါဝင်ကူညီ ဆောင်ရွက်ရန်အတွက် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများ ပါဝင်သောအဖွဲ့က သွားရောက် တာဝန်ထမ်းဆောင်လျက်ရှိသည်။
အဆိုပါ လှည်းကူးမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန(ဖောင်ကြီး)၌ (၂၀)ကြိမ်မြောက်အဖြစ် တာဝန်ထမ်းဆောင် လျက်ရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင် ပါရဂူများ၊ ဆေးမှူး ဆရာဝန်များပါဝင်သော (၄၀)ဦးနှင့် တာဝန်လဲလှယ် ထမ်းဆောင်ရန် (၂၁)ကြိမ်မြောက်တွင် သွားရောက်တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအား ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်ရှိ Theater ခန်းမ၌ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံအမှာစကား ပြောကြားသည်။
ထို့နောက် တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များကိုယ်စား အဖွဲ့ဝင်တစ်ဦးက သွားရောက်ရမည့် ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး တိုင်းမှူးက တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
အဆိုပါ တာဝန်ထမ်းဆောင်မည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များတွင် ဆေးကုသမှု ပါရဂူ ၆ ဦး၊ စိတ်ကျန်းမာရေးပါရဂူ ၁ ဦး၊ မေ့ဆေးပါရဂူ ၅ ဦး၊ ခွဲစိတ်ပါရဂူ ၁ ဦး၊ ဆေးမှူးဆရာဝန် ၅ ဦး၊ ကာယကုပါရဂူ ၁ ဦး၊ သူနာပြုအရာရှိ ၈ ဦး၊ ရောဂါဗေဒပါရဂူ ၃ ဦး၊ အထက်တန်းသူနာပြု ၅ ဦး၊ ဓာတ်ခွဲကျွမ်းကျင် ၄ ဦး၊ ဓာတ်မှန်ကျွမ်းကျင် ၂ ဦး၊ ဆေးဝါးကျွမ်းကျင် ၂ ဦး၊ စုစုပေါင်း ၄၃ ဦး ပါဝင်၍ ၎င်းတို့သည် ရောဂါဝေဒနာခံစားနေရသော ပြည်သူများကို ကာကွယ်ကုသရန် ကိုယ်တိုင်ဆန္ဒပြုခဲ့ကြခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ်မှ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာန(ဖောင်ကြီး)သို့ ထွက်ခွာသွားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်