နေပြည်တော်၊ စက်တင်ဘာ ၄
၂၀၂၁ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့တွင် မီးရထားရဲတပ်ဖွဲ့မှ လုံခြုံရေးရဲတပ်ဖွဲ့ဝင် ၆ ဦး သည် လက်နက်/ခဲယမ်းများနှင့်အတူ အင်းစိန်-ရန်ကုန်-အင်းစိန်-လှော်ကား-အင်းစိန်မြို့ပတ်ရထားတွင် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိရာ ၎င်းတို့အား အလုံဘူတာနှင့် ပန်းလှိုင်အကြားတွင် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက် ၄ လက်နှင့် ခဲယမ်းအချို့ကို အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ယူဆောင်သွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးနှင့် အကြမ်းဖက်သမားများ ယူဆောင်သွားသည့် လက်နက်/ခဲယမ်းများ ပြန်လည်ရရှိစေရေးအတွက် အပူတပြင်း ကြိုးပမ်းဖော်ထုတ်ခဲ့ရာ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် တက္ကစီယာဉ်အမှတ် 1H/6927 AD Van အမျိုးအစား အဖြူရောင်ယာဉ်နှင့် GG/ 6266 Fielder အမျိုးအစား ခဲရောင်တက္ကစီယာဉ်တို့အား ယာဉ်အမှတ်အတုများ ပြောင်းလဲ၍ အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။ ထို့နောက် ယာဉ်အမှတ် 1H/6927 နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဝင်းထွဋ်နှင့် ဆက်စပ်သူများအားလည်းကောင်း၊ ယာဉ်အမှတ် GG/ 6266 နှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ကျော်ကျော်မင်းနှင့် ဆက်စပ်သူများအားလည်းကောင်း အသီးသီး ဖော်ထုတ်ရရှိနိုင်ရေး ဆောင်ရွက်မှုများနှင့် အခြားရရှိဆက်စပ်သတင်းများအရ စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် တာမွေမြို့နယ်၊ မေတ္တာညွန့် ရပ်ကွက်၊ ဒဂုံလွင်လမ်း၊ မဟာနွယ်လမ်းနှင့် ဇေယျသုခလမ်းထောင့်ရှိ တိုက်အမှတ်(၇)၊ အခန်း (၃၀၂) (ဘီ) အား ဝင်ရောက်ရှာဖွေခဲ့ရာ မသင်္ကာဖွယ် ၃ ဦး ဖြစ်သည့် ကျော်ဝင်းစိုး(ခ) ကျော်ကြီး (၃၃)နှစ် (ဘ)ဦးမောင်ရီ (ပခုက္ကူဇာတိ)၊ ကောင်းပြည့်စုံဦး (ခ)စိန်စိန်(ခ)ကတုံးမ(၂၇)နှစ်(ဘ) ဦးမောင်မောင်ဦး (မရမ်းကုန်း)၊ ဆန်းမင်းအောင် (၂၄)နှစ်(ဘ) ဦးကျော်စွာမင်း (ဒေးဒရဲ)တို့အား တွေ့ရှိထိန်းသိမ်းနိုင်ခဲ့သည်။
မီးရထားရဲတပ်ဖွဲ့မှလက်နက်များဖြစ်
၎င်းတို့၏ ထွက်ဆိုချက်များအရ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့ကြသူများဖြစ်ကြောင်း သိရှိရပြီး ဆက်စပ်သတင်းအရ သင်္ကန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမြို့သစ်၊ ရန်ကုန်သစ်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ တိုက်(2/A)မှန်ခန်းသို့ ဆက်လက် သွားရောက်ရှာဖွေခဲ့ရာ မြတ်ဖြိုးပွင့်(ဘ) ဦးတင်ထွဋ်အား တွေ့ရှိခဲ့ပြီး အခန်းတွင်း အသေးစိတ်ရှာဖွေခဲ့ရာ ဂစ်တာအိတ် (၂) အိတ်အတွင်း ထည့်ထားသည့် လက်နက်(၄) လက်အား တွေ့ရှိခဲ့ပြီး ၎င်းလက်နက်များသည် မီးရထား ရဲတပ်ဖွဲ့ထံမှ ယူဆောင်သွားသော လက်နက်များဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။
၎င်းအပြင် တိုက်ခန်းသို့ ပြန်လည်ဝင်ရောက်လာသည့် ဇေယျာဖြိုး(ခ)တရုတ်လေး(၃၂)နှစ်(ဘ)ဦးမြတ်နိုင် (ကြည့်မြင်တိုင်)အား ထပ်မံထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ အဖွဲ့အားဦးဆောင်ခဲ့သူ လင်းလင်း(ခ) နေလင်းထိုက်(ခ)ထဆင်ထူး(ခ)ဗိုလ်လပြည့်ဝင်း နေထိုင်သည့် ဒဂုံ(မြောက်)၊ မ-၁၅၀(၃၁)ရပ်ကွက်၊ ဇေယျဒီပ(၁)လမ်း အိမ်အား သွားရောက်ရှာဖွေခဲ့ရာ တွေ့ရှိခြင်းမရှိဘဲ စက်တင်ဘာ ၂ ရက် နေ့လည်ပိုင်းတွင် ၎င်း၏ သူငယ်ချင်းဖြစ်သူ မဥမ္မာ နေထိုင်သည့် စမ်းချောင်းသို့ ထွက်ခွာသွားကြောင်း သိရှိရသည့်အတွက် အဆိုပါနေအိမ်အား ထပ်မံရှာဖွေခဲ့ရာ ၎င်းနေအိမ်မှတစ်ဆင့် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။
ဆက်စပ်ပစ္စည်းများသိမ်းဆည်းရမိ
တရားခံများ၏ ထွက်ဆိုချက်များအရ ဖြစ်စဉ်တွင် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်များကို သိုဝှက်သိမ်းဆည်းထားသည့် အောင်ကြီး(တိမ်းရှောင်) နေထိုင်သည့် တိုက်(၄၄)၊ ရန်ကြီးအောင်လမ်း၊ မုန့်လက်ဆောင်းကုန်း(မြောက်)၊ စမ်းချောင်းသို့ သွားရောက်ထပ်မံ ရှာဖွေခဲ့ရာ Hytera စာတန်းပါ အထိုင်စက်(၁)လုံးနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
တာဝန်ယူ
ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ကောင်းပြည့်စုံဦးသည် သင်္ဘောသားအလုပ် လုပ်ကိုင်နေရာမှ ၂၀၂၁ ခုနှစ်၊ မတ်လတွင် ရန်ကုန်သို့ပြန်လာခဲ့ပြီး ၎င်း၏အဒေါ်ဖြစ်သူမှာ ဒေါ်မိုးမိုးစုကြည် (ရန်ကုန်တိုင်းဒေသကြီး၊ (လဝက) ဝန်ကြီးဟောင်း) အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ကြောင်း၊ ၎င်းနှင့် (ဇေယျာဖြိုး)၊ နေလင်းထိုက်၊ သီဟ၊ မိုးသူကြီး၊ ပုချေ အပါအဝင်(၂၅)ဦးခန့်ဖြင့် မတ်လ ၂၂ ရက်နေ့တွင် KNU တပ်မဟာ(၃)နယ်မြေ၌ အကြမ်းဖက်တိုက်ခိုက်ရေး သင်ခန်းစာ များကို သင်ကြားခဲ့ပြီး မေလအတွင်းတွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ကြကြောင်း၊ ဩဂုတ် ၁၀ ရက် နေ့လယ်ပိုင်းတွင် ဒဂုံ(မြောက်)နေအိမ်တွင် နေလင်းထိုက်မှ ဦးဆောင်ပြီး ကောင်းပြည့်စုံဦး၊ ကိုဇော်၊ ရှမ်းလေး၊ မဖြိုး၊ ဇေယျာဖြိုးအပါအဝင်(၁၅)ဦးခန့်မှ မီးရထားရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ကြရန် တိုင်ပင်ခဲ့ကြကြောင်း၊ ထိုသို့ တိုင်ပင်ခဲ့ရာတွင် ရထားပေါ်သို့ စောင့်ကြည့်လေ့လာရန်အတွက် ဆန်းမင်းအောင်(ဖမ်းမိ)၊ ကျော်ကြီး(ခ) ကျော်ဝင်းစိုး (ဖမ်းမိ)နှင့် ကိုရှိုင်း (ဖမ်းဆီးရန်ကျန်) (၃)ဦးမှ တာဝန်ယူပြီး ကောင်းပြည့်စုံဦး၊ နေလင်းထိုက်၊ ကိုဇော်၊ ရှမ်းလေး၊ အောင်ကြီး၊ ကျော်လေးတို့မှ ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ရန်တာဝန်ယူခဲ့ကြကြောင်း၊ ရထားမောင်းများကို သေနတ်ဖြင့် ချိန်ရွယ်ထိန်းသိမ်းရန်အတွက် နန္ဒ(ခ)ဂျာကြီးပါ (၃)ဦးမှ တာဝန်ယူခဲ့ကြကြောင်း သိရှိရသည်။
ဩဂုတ် ၁၄ ရက် ညနေပိုင်းတွင် မီးရထားရဲများရှိရာ တွဲနံပတ်(၄)သို့ သွားရောက်ပြီး ဆန်းမင်းအောင် အပါအဝင်(၄)ဦးမှ သွားရောက်၍ အခြေအနေအား စောင့်ကြည့်ခဲ့ကြောင်း၊ ရှမ်းလမ်းဘူတာတွင် နေလင်းထိုက်နှင့် ရှမ်းလေး တို့တက်လာခဲ့ပြီး အလုံဘူတာမှ ပန်းလှိုင်ဘူတာသို့ ထွက်ခွာလာစဉ် ကြိုတင်တိုင်ပင်ထားသည့်အတိုင်း ရဲတပ်ဖွဲ့ဝင် များအား ပစ်ခတ်၍ လက်နက်များအား နေလင်းထိုက်အဖွဲ့က ယူဆောင်၍ အငှားယာဉ်များဖြင့်လည်းကောင်း၊ ကောင်းပြည့်စုံဦး အပါအဝင် ၃ ဦးသည် ဟွန်ဒါစီဗစ်ယာဉ်ဖြင့်လည်းကောင်း၊ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ရှာဖွေသိမ်းဆည်း
၎င်းတို့ထံမှ သိမ်းဆည်းရမိသည့် ဖုန်း Group တွင် ရေးသားထားမှုအရ ရဲတပ်ဖွဲ့ဝင်များ၏ သေနတ်များကို သိမ်းဆည်းရာတွင် လုံခြုံစိတ်ချစေရန် မောင်သော်(ခ)ဖြိုးဇေယျာသော် (NLD လွှတ်တော်အမတ်ဟောင်း)ထံ၌ သိမ်းဆည်းထားခဲ့ကြောင်း၊ ထို့နောက် ဇေယျာဖြိုးမှ ၎င်း၏ချစ်သူ မြတ်ဖြိုးပွင့် အားဖုန်းဖြင့်ဆက်သွယ်၍ လက်နက်များအား (နေမင်း)က လာပို့မည်ဖြစ်ကြောင်း၊ လက်နက်များလာပို့လျင် သိမ်းဆည်းထားရန် မှာကြားခဲ့သဖြင့် စက်တင်ဘာ ၁ ရက် ညနေပိုင်းတွင် လက်နက်များထည့်လာသည့် ဂီတာအိတ်(၂)အိတ်ကို 2J/1902 Camery ခဲရောင်ကားဖြင့် သင်္ကန်းကျွန်းအိမ်သို့ လာရောက်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်နက်များ ရှာဖွေသိမ်းဆည်းခြင်းခံခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားချိန်မှစ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နေ့/ညမရပ်မနား အပင်ပန်းခံ ကြိုးစားခဲ့မှုများ၊လူထုအတွင်း အမှန်တရားလိုလားသူများ၏ ဝိုင်းဝန်းကူညီပေးမှုများကြောင့် အကြမ်းဖက် သောင်းကျန်းသူများ၏ လူမဆန်စွာဆိုးရွားယုတ်မာသော ဖြစ်စဉ်ဖြစ်ရပ်များကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ဖြစ်စဉ်ပါ တိမ်ရှောင်နေသူများကိုလည်း ဆက်လက်ဖမ်းဆီးရမိနိုင်ရေး ၎င်းအဖွဲ့၏ကျူးလွန်ထားရှိသော ကွင်းဆက်ပြစ်မှုဖြစ်စဉ်များကို ဖော်ထုတ်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းကူညီခြင်း၊ သတင်းပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ကြပါရန် သတင်းထုတ်ပြန် အပ်ပါသည်။
သတင်းစဉ်