နေပြည်တော် စက်တင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ငွေကျပ် ၅ ဒသမ ၉၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁ ရက် ည ၉ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ (၆၁)လမ်း၊ ၁၃၀ လမ်းနှင့် ၁၃၁ လမ်းကြား၊ အမှတ်(၇၀/၇၁)ရှိ ဒေါ်စိန်ဌေး(၆၀)နှစ်၏ နေအိမ်နှင့်တွဲလျက်ရှိ ဂိုဒေါင်အား သတင်းအရ ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး ဂိုဒေါင်အတွင်းမှ မီးသွေးအိတ်များဖြင့် ဖုံးအုပ်သိုဝှက်ထားသည့် ဆာလာအိတ် ၁၆ အိတ်ဖြင့်ထည့်လျက် ဒေသကာလတန်ဖိုး ငွေကျပ် ၅ ဒသမ ၉၂၅ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃,၉၅၀,၀၀၀ နှင့်အတူ မူးယစ် ဆေးဝါးသယ်ဆောင်ရာတွင် အသုံးပြုသည့် FUSO အမျိုးအစား(၁၀)ဘီး မော်တော်ယာဉ် ၁ စီးနှင့် TOYOTA DYNA မော်တော်ယာဉ် ၁ စီး၊ TOYOTA TOWN ACE မော်တော်ယာဉ် ၁ စီးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက် ရှိကြောင်း သိရသည်။
သတင်းစဉ်