Skip to main content

မြေသြဇာကော်မတီ၏ (၃၃) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၃

မြေဩဇာများ အရည်အသွေးပြည့်မီရေး၊ ဈေးနှုန်း မှန်ကန်ရေးနှင့် တောင်သူများ အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်ကြရန် မြေဩဇာကော်မတီနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက ထိန်းကျောင်း ကြပ်မတ်ပေးလျက် ရှိသကဲ့သို့ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ကုန်သွယ်ရေး အခက်အခဲနှင့် ငွေကြေးတန်ဖိုးပြောင်းလဲမှုများကြောင့် ဈေးနှုန်းမြင့်မားလာသည့် ဓာတ်မြေ သြဇာများကို စိုက်ပျိုးသူ တောင်သူများ လျှော့ချအသုံးပြုနိုင်မည့် နည်းလမ်းများ၊ သဘာဝ မြေဩဇာများ၊ သစ်စိမ်းမြေဩဇာများနှင့် တွဲဖက် အသုံးပြုနိုင်မည့် နည်းပညာများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေး ကြရန် လိုအပ်ကြောင်း ယနေ့တွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပ သည့် မြေဩဇာကော်မတီ၏ (၃၃)ကြိမ်မြောက် အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ခွင့်ပြုထုတ်ပေးလျက်ရှိ

မြေဩဇာတင်သွင်းခွင့်၊ ထုတ်လုပ်ခွင့်၊ တင်ပို့ခွင့် မှတ်ပုံတင်လက်မှတ်များကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ခွင့်ပြုထုတ်ပေးလျက်ရှိရာ (၃၂) ကြိမ်မြောက် မြေဩဇာကော်မတီ အစည်းအဝေးထိ စုစုပေါင်းမှတ်ပုံတင် (၈၃၄၇) စောင် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း၊ မြေဩဇာ မှတ်ပုံတင်လျှောက်ထားလာသည့် လုပ်ငန်းများအတွက် ကိုဗစ်-၁၉ ရောဂါ ကာလ အတွင်း လူချင်းထိတွေ့မှု မရှိစေရန်၊ လုပ်ငန်းရှင်များ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးတို့အတွက် စိုက်ပျိုးရေးသွင်းအားစု မြေဩဇာများ မှတ်ပုံတင်ခြင်း Myanmar Agricultural Imports Registration System (MAIRS) လုပ်ငန်းကို online စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် တောင်သူများက လုပ်ငန်းများအဆင်ပြေစွာ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ကြစေရန် ၂၀၂၁ ခုနှစ် ဧပြီ ၂၁ ရက်တွင် မှတ်ပုံတင်ခွင့်ပြုထားခဲ့ သည့် မြေဩဇာတင်သွင်းခွင့်လျှောက်လွှာ ၉၅ စောင်နှင့် မှတ်ပုံတင် ခွင့်ပြုရန် လျှောက်ထား လာသော လျှောက်လွှာ ၃၉၆ စောင်တို့နှင့်ပတ်သက်၍ ယနေ့ ကျင်းပသည့် အစည်းအဝေးတွင် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်