နေပြည်တော် စက်တင်ဘာ ၃
အဏ္ဏဝါအမှိုက်သရိုက်နှင့် ပလတ်စတစ် ညစ်ညမ်းမှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို စက်တင်ဘာ ၁ ရက်မှ ၂ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံမှ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်များ ပါဝင် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ကုလသမဂ္ဂ ပတ်ဝန်းကျင်ရေးရာအစီအစဉ်၊ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး၏ ကိုယ်စားလှယ်များက အမှာစကားများ ပြောကြားကြသည်။
ထို့နောက် ကုလသမဂ္ဂပတ်ဝန်းကျင်ရေးရာ အစီအစဉ်၏ အမှုဆောင်ညွှန်ကြားရေးမှူး၊ အဖွဲ့ဝင် နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများနှင့် အဆင့်မြင့်အရာရှိ ကြီးများက အဏ္ဏဝါ အမှိုက်သရိုက်နှင့် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာဝန်ကြီး အဆင့်ကြေညာချက် အတည်ပြု ထုတ်ပြန် နိုင်ရေးဆွေးနွေးကြပြီး ၂၀၂၂ ခုနှစ်တွင် ကျင်းပမည့် ကုလသမဂ္ဂပတ်ဝန်းကျင် ရေးရာ ညီလာခံတွင် အတည်ပြုနိုင်ရန် အဆိုပြု ဆုံးဖြတ်ချက်တွင် ပါဝင်သည့် ရည်ရွယ်ချက်များ၊ အစီရင်ခံတင်ပြခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း၊ နိုင်ငံဆိုင်ရာ လုပ်ငန်းအစီအစဉ်နှင့် ကတိ ကဝတ်များ၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အထောက်အပံ့၊ ဘဏ္ဍာငွေကြေးနှင့် နည်းပညာဆိုင်ရာ အထောက်အပံ့တို့ကို မိတ်ဆက်တင်ပြ ကြသည်။
မြန်မာနိုင်ငံအနေဖြင့် ပလတ်စတစ် ညစ်ညမ်းမှု လျှော့ချရေးနှင့် စပ်လျဉ်း၍ ပလတ်စတစ်ဆိုင်ရာ မူဝါဒ၊ လမ်းပြမြေပုံ (မူကြမ်း)နှင့် အမျိုးသားအဆင့် ပလတ်စတစ်ဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို ဆက်စပ်ပတ်သက်သူများနှင့် ဆွေးနွေး ညှိနှိုင်းရေးဆွဲလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်