Skip to main content

မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ International Army Games-2021 ပြိုင်ပွဲ၏ တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ရှစ်သင်းအနက် တတိယဆုရရှိ

နေပြည်တော် စက်တင်ဘာ ၃


မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ဩဂုတ် ၂၂ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲတွင် ပါဝင်သော တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2)၌ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုပွဲစဉ်များကို အဆင့်ဆင့်ဖြတ်ကျော်ကာ အုပ်စုဒုတိယနေရာမှရပ်တည်နိုင်ခဲ့ပြီး အကြို ဗိုလ်လုပွဲ အဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့သည်။


မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့အနေဖြင့် (Division-2) ၏ အကြို ဗိုလ်လုပွဲ ပွဲစဉ် ၂ တွင် ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၂၈ မိနစ် ၂၀ စက္ကန့်ဖြင့် ပထမနေရာမှ ပန်းဝင်နိုင်ခဲ့ပြီး ပစ်မှတ်ထိမှန်မှု အကောင်းဆုံးအသင်း လည်းဖြစ်ခဲ့ကာ (Division-2)၏ အုပ်စု ဒုတိယနေရာမှ ရပ်တည်နိုင်ခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ ထိုက်တန်စွာ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။


တင့်ကားမောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division - 2) ဗိုလ်လုပွဲ ပွဲစဉ်ကို မြန်မာ၊ ကာဂျစ်စတန်၊ တောင်အော့ ဆက်တီးယား၊ တာဂျစ်ကစ္စတန်နိုင်ငံတို့မှ တင့်တပ်ဖွဲ့ဝင်များက ယနေ့တွင် ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ဝင်များသည် အစောပိုင်း ပတ်လမ်းများ တွင် စံချိန်နောက်ကျနေခဲ့သော်လည်း မဆုတ်မနစ်သော ဇွဲလုံ့လများဖြင့် ဆက်လက်ကြိုးပမ်း ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲဝင်စံချိန် ၂ နာရီ ၂၈ မိနစ် ၀၅ စက္ကန့်၊ ပစ်မှတ်ထိမှန်ချက် ရှစ်ချက် ဖြင့် ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်နိုင်ငံတို့၏နောက် တတိယနေရာမှ ပန်းဝင်နိုင်ခဲ့သည်။ ထို့ကြောင့် မြန်မာ့တပ်မတော် တင့်တပ်ဖွဲ့သည် (Division-2) တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ တောင်အော့ဆက်တီးယား၊ လာအို၊ အဘ်ခဇီယာ၊ ကာတာ၊ မာလီ စသည့်ပြိုင်ပွဲဝင်နိုင်ငံ ရှစ်နိုင်ငံမှ တင့်တပ်ဖွဲ့ဝင်များအနက် တတိယ နေရာမှ ရပ်တည် နိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။


မြန်မာ့တပ်မတော်တင့်တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ Inter- national Army Games ပြိုင်ပွဲ၏ တင့်ကားမောင်းနှင်ပစ်ခတ်ခြင်း ပြိုင်ပွဲ Tank Biathlon ကို ယခု အကြိမ်အပါအဝင် လေးကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၂ သင်းအနက် အဆင့် ၁၆၊ ၂၀၁၉ ခုနှစ်တွင် ပြိုင်ပွဲဝင် ၂၃ သင်းအနက် အဆင့် ၁၃၊ ၂၀၂၀ ပြည့်နှစ်တွင် ပြိုင်ပွဲဝင် ၁၆ သင်းအနက် အဆင့် ၉ စသည်ဖြင့် အသီးသီးရပ်တည်နိုင်ခဲ့ကြောင်းနှင့် နိုင်ငံတကာစစ်ဘက် အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှုအတွေ့အကြုံများ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံ များနှင့် ချစ်ကြည်ရင်းနှီးမှုများရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်