နေပြည်တော် စက်တင်ဘာ ၃
ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့်သူများကို ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ဆီဂျင်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်း မှ အထောက်အကူ ပြုစေရန်အတွက် တပ်မတော်နှင့် အလှူရှင်များက အောက်ဆီဂျင်အိုးများ၊ ရောဂါကာကွယ်ရေး အထောက် အကူပြုပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တပ်မတော်ဆေးရုံများ၊ ကျန်းမာရေးဌာနများ၊ ကိုဗစ်စင်တာများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များသို့ ပေးပို့လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) မိုင်းဖြတ်မြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံမှ ကျန်းမာရေး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပရဟိတအသင်းများသို့ အောက်ဆီဂျင်အိုး ရှစ်လုံးကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့ ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အိုး အလုံး ၃၀ ကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံ တပ်မတော်သား များက ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုကူညီ ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသီးသီး သွားရောက်လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်အတွက် စေတနာရှင် အလှူရှင်များက အထောက်အကူပစ္စည်းများ၊ အလှူငွေများကို ပေးအပ် လှူဒါန်းလျက်ရှိရာ မွန်ပြည်နယ်ရှိ ကိုဗစ်-၁၉ ရောဂါကုသရေးစင်တာ များမှ ပိုးတွေ့လူနာများအတွက် မော်လမြိုင်မြို့နေ ဦးသောင်းထွန်း နှင့်ဇနီး ဒေါ်နန်းစရို့လင်း မိသားစုက ငွေကျပ် ၆၅ သိန်းတန်ဖိုးရှိ အသုံးအဆောင် ပစ္စည်းများနှင့် စားသောက်ဖွယ်ရာ များကိုလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ပြည်သူ့ဆေးရုံနှင့် တပ်မတော်ဆေးရုံ၊ ကိုဗစ်စင်တာများ၊ ကျန်းမာရေး ဌာနများ၌ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများအား ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် United K M K (Myeik) Co.Ltd က အောက်ဆီဂျင်အိုး အလုံး ၂၅၀ ကို လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့ ပြည်သူ့ဆေးရုံနှင့် အိုင်သပြု တိုက်နယ်ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို လည်း ကောင်း ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောက်ဆီ ဂျင် လိုအပ်ချက်များမရှိစေရေး အတွက် ကျန်းမာရေးဝန်ကြီး ဌာနမှ Oxygen Plant များကို တိုးမြှင့်တပ်ဆင် လည်ပတ်လျက် ရှိပြီး တပ်မတော်အနေဖြင့်လည်း တိုင်းစစ်ဌာနချုပ် နယ်မြေ အသီးသီးတွင် Oxygen Plant များကို တပ်ဆင်ထုတ်လုပ်ပေး လျက်ရှိရာ စက်တင်ဘာ ၂ ရက်နှင့် ယနေ့တို့တွင် နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် နေပြည်တော် သောက်ရေသန့် စက်ရုံဝင်းအတွင်းရှိ မြန်မာ့စီးပွား ရေး ကော်ပိုရေးရှင်းမှ တည် ဆောက်လျက်ရှိသော Liquid Oxygen ၃၄ တန်ဆံ့ Tank မှ အောက်ဆီဂျင် ထုတ်လုပ်မည့် စက်ရုံတည်ဆောက်နေမှု အခြေ အနေများနှင့် နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာများနှင့် Quarantine Center များသို့ ပေးပို့ လှူဒါန်း လျက်ရှိသည့် နေပြည်တော် သောက်ရေသန့် စက်ရုံရှိ ရေသန့် ထုတ်လုပ်မှု အခြေအနေများကို လည်းကောင်း၊ ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့တွင် တစ်ရက်လျှင် အောက်ဆီဂျင်အိုး အလုံး ၁၂၀နှင့် မော်လမြိုင် ကျွန်းမြို့တွင် အောက်ဆီဂျင်အိုး အလုံး ၁၈၀ ထုတ်လုပ်နိုင်သည့် စက်များ ရောက်ရှိတပ်ဆင်နေ မှု အခြေအနေများကိုလည်း ကောင်း၊မန္တလေးတိုင်းဒေသကြီးသာစည်မြို့ ရွှေနဂါးစက်သုံး ဆီ ရောင်းဝယ်ရေးဝင်းအတွင်း ဆောက်လုပ်ပြီးစီးပြီး ဖြစ်သည့် ၁ ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀ အိုး ၇၀ခန့် ထွက် ရှိမည့် Oxygen Plant စက်ရုံကို လည်းကောင်း တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်