Skip to main content

လာအိုနိုင်ငံမှလွှဲ​ပြောင်းလာသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၅၄၈ ဦး ဝမ်ပုံဆိပ်ကမ်းမှ တစ်ဆင့် ပြန်လည်ဝင်ရောက်

တာချီလိတ် စက်တင်ဘာ ၃

လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် ရွှေ့ပြောင်းမြန်မာ အလုပ်သမား ၅၄၈ ဦးတို့သည် စက်တင်ဘာ ၁ ရက် က ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းဖုန်း (က) ကျေးရွာအုပ်စုရှိ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာရာ တာဝန်ရှိသူများက ကြိုဆိုသည်။

ထိုသို့ပြန်လည် ဝင်ရောက်လာသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများတွင် အမျိုးသား ၃၂၀ နှင့် အမျိုးသမီး ၂၂၈ ဦး စုစုပေါင်း ၅၄၈ ဦးတို့ဖြစ်ပြီး ၎င်းတို့အား နှစ်နိုင်ငံတာဝန်ရှိသူတို့က စနစ်တကျ လွှဲပြောင်းပေးခဲ့ရာ စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဦးကျော်နှင့် အဖွဲ့ဝင်များက ကြိုဆိုသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရာ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီးငါးဦး စုစုပေါင်း ၁၂ ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိရသဖြင့် ယင်းအတည်ပြုလူနာများကို တာချီလိတ်မြို့ ဝမ်လုံးကန့်သတ်စောင့် ကြည့်ရေးစင်တာ သို့ ပို့ဆောင်ဆေးကုသပေးလျက် ရှိသည်။

ထို့နောက် တာဝန်ရှိသူများနှင့် မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့က နေရပ် ဒေသသို့ ပြန်ကြမည့်သူများကို ၎င်းတို့နေထိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြန်နိုင်ရေး မော်တော်ယာဉ်များ အခမဲ့စီစဉ်ပေး၍ ပြန်လည်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ယာဆေး(ပြန်/ဆက်)