နေပြည်တော် စက်တင်ဘာ ၃
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် အုတ်တစ်ချပ်သဲတစ်ပွင့်ဖောင်ဒေးရှင်းမှ တာဝန်ယူတည်ဆောက် ပြီးစီးခဲ့သည့် သုဝဏ္ဏ ကိုဗစ် -၁၉ ရောဂါ ကုသရေးစင်တာဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမင်း၊ အုတ်တစ်ချပ် သဲတစ်ပွင့်ဖောင်ဒေးရှင်း တည်ထောင်သူ ဦးဟိန်းထက်၊ စင်တာကုသရေးတာဝန်ခံ ဆေးရုံအုပ် ဒေါက်တာနိုင်လင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အုတ်တစ်ချပ် သဲတစ်ပွင့် ဖောင်ဒေးရှင်း တည်ထောင် သူအဖွဲ့ဝင် ဦးဝင်းကျော်က ဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်နှင့် စင်တာဖွင့်လှစ်၍ ပြင်ဆင်ဆောင် ရွက်မှုအခြေအနေများကိုရှင်းလင်း ပြောကြားသည်။ ထို့နောက် သုဝဏ္ဏ ကိုဗစ်-၁၉ ရောဂါ ကုသရေး စင်တာအသစ်ကို ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဆုတောင်း သစ်ပင်တွင် သဲပွင့်သွန်းလောင်း ခြင်းနှင့် ဇီဝိတဒါနပြုမင်္ဂလာငှက်များ လွှတ်ပေးခြင်းများ ပြုလုပ်ကြသည်။
ယင်းနောက် ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် စင်တာ၌ ရောဂါပိုးတွေ့လူနာ ၅၀၀ ကုသပေးနိုင်ရန် အဆောင်ငါးဆောင်တွင် အိပ်ရာ၊ ခြင်ထောင်၊ ခုတင်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများ၊ အောက်ဆီဂျင် လိုအပ်သည့် လူနာများအတွက် အောက်ဆီဂျင် ပိုက်လိုင်းသွယ်တန်း တပ်ဆင် ပြီးစီးမှုများ၊ လူနာ ၁၈၀ အတွက် HDU အခန်းပြင်ဆင်ထားရှိ ကုသရေးတာဝန်ယူမည့် ဆရာဝန်၊ သူနာပြုများ ဖွဲ့စည်းမှု၊ စေတနာ့ ဝန်ထမ်းများ စုဖွဲ့ထားရှိမှု၊ဆေးနှင့် ဆေးပစ္စည်းများ ထားရှိသည့် Medical Store၊ အောက်ဆီဂျင် လိုအပ်ချက်အတွက် ၁၀ လီတာ Oxygen Concentrator အလုံး ၉၀၊ လီတာ ၄၀ ဆံ့ ဆလင်ဒါအိုး အလုံး ၃၀၀ တို့ကို အဆင်သင့် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်