Skip to main content

ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား ဆွမ်းဆန်တော်၊ ဆီနှင့်ပဲများ ဆက်ကပ်လှူဒါန်း

နေပြည်တော် စက်တင်ဘာ ၃

 

တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဆွမ်းဆန်တော်၊ ဆီနှင့် ပဲလှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ် ခေတ်အေးကျောင်းတိုက်၌ကျင်းပရာ နေပြည်တော် တပ်ကုန်းမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ မဟာဇနက ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊  ဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဝဏ္ဏရဟ အမှူးပြုသော ဆရာတော်ကြီးသုံးပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ကြသည်။

အခမ်းအနားတွင် တပ်ကုန်းမြို့ မဟာဇနကပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ ဝဏ္ဏရဟထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ပွား သရဇ္ဈာယ်တော်မူသည့် ရတနသုတ်၊ မေတ္တသုတ်နှင့် ပုဗ္ဗဏှသုတ် ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။

ဆက်လက်၍ ပြည်ထောင်စု  ဝန်ကြီးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော် ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်ကာ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင် ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီနှင့် ပဲများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် မဟာဇနက ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား၍ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲတွင် တပ်ကုန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ၁၉ ကျောင်းနှင့် သီလရှင်ကျောင်း  ငါးကျောင်းတို့တွင် သီတင်းသုံး  နေထိုင်တော်မူကြသော ရဟန်း၊ သာမဏေ ၇၀၉ ပါးနှင့် သီလရှင် ၁၆၉ ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၈၇၈ ပါးတို့ အား ဆွမ်းဆန်တော် ၈၈ အိတ်၊ ဆီ ၂၆၃ ပိဿာ၊ ပဲ ၃၅ အိတ်တို့ကို လည်းကောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်း ကိုးကျောင်း၊ သီလရှင်ကျောင်းတစ်ကျောင်း တို့တွင် သီတင်းသုံး  နေထိုင်တော်မူကြ သော ရဟန်း၊ သာမဏေ ၃၁၃ ပါး၊ သီလရှင် ၁၇  ပါး၊ စုစုပေါင်း ရဟန်း၊ သာမဏေ၊ သီလရှင် ၃၃၀ တို့အား ဆွမ်းဆန်တော် ၃၃ အိတ်၊ ဆီ ပိသာ ၁၀၀၊ ပဲ ၁၃ အိတ်တို့ကို ဆက်ကပ် လှူဒါန်းခဲ့ကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေ ဖြင့် နေပြည်တော်ရှိ ပရိယတ္တိ စာသင်တိုက်များသို့ ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလများအတွင်း ဘုန်းတော်ကြီး ကျောင်းပေါင်း ၂၃၆ ကျောင်းနှင့် သီလရှင်ကျောင်း ၁၈ ကျောင်းတို့အတွက် ဆွမ်းဆန်တော် ၁၀၂၇ အိတ်ကိုလည်းကောင်း၊ ဩဂုတ်လတွင် ဇမ္ဗူသီရိ မြို့နယ်၊ ဒက္ခိဏသီရိ မြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်း ၇၀ နှင့် သီလရှင်ကျောင်း ၁၂ ကျောင်းတို့အတွက် ဆွမ်းဆန်တော် ၃၈၉ အိတ်၊ ဆီ ၁၁၆၇ ပိဿာ၊ ပဲ ၁၅၆ အိတ်ကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ ပရိယတ္တိ စာသင်တိုက် ၁၀၇ တိုက်မှ ရဟန်း၊ သာမဏေနှင့် သီလရှင်တို့အား ဆွမ်းဆက်ကပ်နိုင်ရန် ဆွမ်းပဒေသာပင် ငွေကျပ်သိန်း ၇၀၀ သိန်း၊ ဆွမ်းဆန်တော် ၂၄ အိတ်၊ ဆီပိဿာ ၆၇၀၊  ပဲ ၆၈ အိတ်တို့ကိုလည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပရိယတ္တိစာသင်တိုက် ၁၀ တိုက်မှ  ရဟန်း၊ သာမဏေများအတွက် ဆွမ်းဆက်ကပ်နိုင်ရန် ဆွမ်းပဒေသာပင် ငွေကျပ်သိန်း ၇၀၀ လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်