Skip to main content

တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသော ကိုဗစ် -၁၉ ကာကွယ်ဆေး တစ်သန်းနှင့် ငွေယွမ် သန်း ၂၀ တန်ဖိုးရှိ ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာပစ္စည်းများ လှူဒါန်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ ၃

တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသော ကိုဗစ် - ၁၉ ကာကွယ်ဆေးတစ်သန်းနှင့် ငွေယွမ် သန်း ၂၀ တန်ဖိုးရှိ ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာပစ္စည်းများ လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China International Development Cooperation Agency(CIDCA) မှ ဒုတိယဥက္ကဋ္ဌ H.E. Mr. Deng Boqing က အဖွင့်အမှာစကား ပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက အမှာစကား ပြောကြားရာတွင် မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်ဒေသ တစ်လျှောက် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရက လှူဒါန်း ၍ ယူနယ်ပြည်နယ်အစိုးရမှ တစ်ဆင့် ဖြန့်ဝေသွားမည့် ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်သန်းနှင့် ငွေယွမ် သန်း၂၀ တန်ဖိုးရှိ ကပ်ရောဂါ တိုက်ဖျက်ရေးဆိုင်ရာ ပစ္စည်းများ လက်ခံရရှိသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ ကပ်ရောဂါ တိုက်ဖျက်နိုင်ရေးအတွက် အိမ်စောင့်အစိုးရအဖွဲ့ ၏ဦးဆောင်မှုဖြင့် မိမိတို့ဝန်ကြီးဌာနက နယ်စပ်ဒေသပါမကျန် နိုင်ငံရှိ လူဦးရေအားလုံး ကာကွယ်ဆေးထိုးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း။

ကိုဗစ်၁၉ ဗိုင်းရပ်စ်ပိုး မျိုးရိုးဗီဇပိုး ပြောင်းလဲခြင်းများမှာ ကမ္ဘာအနှံ့တွင် လက်ရှိဖြစ်ပွားလျက် ရှိသဖြင့် ကာကွယ်ရေးကို ထိရောက်စွာ လုပ်ဆောင်နိုင်ရေးသည် အရေးကြီးသည့်အတွက် ကာကွယ်ဆေး ထုတ်လုပ်သည့်နိုင်ငံများက အခြားသောနိုင်ငံ များနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအား ကာကွယ်ဆေး ထုတ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးသင့်ကြောင်း၊ ကပ်ရောဂါ ကာကွယ်နိုင် ရေးအတွက် ကိုရိုနာဗိုင်းရပ်စ်ပိုး၏ရင်းမြစ်ကို လေ့လာရာတွင် သိပ္ပံနည်းကျ ရှာဖွေသင့်ကြောင်း၊ မည်သည့် အခြားနိုင်ငံကိုမျှ နိုင်ငံရေးဖိအားပေးခြင်း၊ အပြစ်တင်ခြင်း မပြုလုပ်သင့်ကြောင်း၊ ယခုကဲ့သို့ မြန်မာနိုင်ငံတွင် ကပ်ရောဂါ  ထိန်းချုပ် ကာကွယ်နိုင်ရေး အထောက်အကူ ဖြစ်စေသည့် ကာကွယ်ဆေးနှင့် ကပ်ရောဂါဆိုင်ရာ ဆေးပစ္စည်းများ ပေးပို့လှူဒါန်းသည့်အတွက် မြန်မာနိုင်ငံ အိမ်စောင့်အစိုးရနှင့် ပြည်သူလူထုကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြား သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ၊ Vice-Governor of Yunnan Province ဖြစ်သူ H.E. Ms. Li Malin ၊ Governor of Dehong Dai and Jingpo Autonomous Prefecture, Yunnan Province, China Goby Mr. Wei Gang တို့ကလည်းကောင်း၊ ဆက်လက်၍ အာဆီယံအထွေထွေ  အတွင်းရေးမှူးချုပ်က ဗီဒီယိုဖိုင် ပေးပို့၍လည်းကောင်း အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်