Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားတပ်မတော်၏ ပင်မဘုရားကျောင်းတော်ကြီးသို့ သွားရောက်လေ့လာ

နေပြည်တော် စက်တင်ဘာ ၃

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ဒေသ စံတော်ချိန် နံနက်ပိုင်းတွင် မော်စကိုမြို့၊ အနောက်တောင်ဘက် ကူဘင်ကာမြို့၊ မျိုးချစ် ပန်းခြံရှိ ရုရှားတပ်မတော်၏ ပင်မဘုရားရှိခိုးကျောင်းတော်ကြီး Main Cathedrial of the Russian Armed Forces သို့ သွားရောက်လေ့လာကြည့်ရှုကြသည်။

လေ့လာကြည့်ရှု

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ရုရှားတပ်မတော်၏ ပင်မဘုရားရှိခိုးကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး ဘုရားရှိခိုးကျောင်းတော်ကြီးအနီးရှိ ပြတိုက်တွင် ဒုတိယကမ္ဘာစစ် ဖြစ်ပွားစဉ်ကာလအတွင်း အသုံးပြု ခဲ့သည့် လက်နက်၊ ခဲယမ်း၊ ချပ်ဝတ်တန်ဆာနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဆေးတပ်ဖွဲ့ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေး အသုံးအဆောင်ပစ္စည်းများနှင့် စစ်ပွဲများ အကြောင်းကို Program များဖြင့် ပြုလုပ်ပြသထားမှုများအား လေ့လာ ကြည့်ရှုကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကာ ပင်မဘုရားရှိခိုးကျောင်းတော်ကြီးအတွင်း ဝင်ရောက်၍ သမိုင်းကြောင်း နှင့် မှတ်တမ်းများအား လေ့လာကြည့်ရှုကြသည်။

ဂုဏ်ပြုတည်ဆောက်

အဆိုပါ ရုရှား တပ်မတော်၏ ပင်မဘုရားရှိခိုးကျောင်းတော်ကြီးကို ၂၀၂၀ ပြည့်နှစ်၊ မေ ၉ ရက်တွင် ကျရောက်သော Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရုရှားတပ်မတော်၏ ဗဟိုစစ်ဘက် ဆိုင်ရာ ကျက်သရေဆောင်နေရာ Center of Military Glory ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၉၆ မီတာ အမြင့်ရှိသော ပင်မအဆောက်အဦအပါအဝင် ၇၅ မီတာအမြင့်ရှိ ခေါင်းလောင်းစင်နှင့် အခြားအဆောက်အဦငယ် ၃ ခု၊ ပြတိုက် ၄ ခုနှင့် ပန်းခြံများ ထည့်သွင်း ဆောက်လုပ်ထားပြီး ၆ လတာကာလအတွင်း ဗိသုကာပညာရှင်၊ ပန်းချီပညာရှင် အကျော်အမော် ၄၀၀၀ ကျော်ဖြင့် နေ့ည အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒုတိယကမ္ဘာစစ်ဖြစ်ပွားစဉ်ကာလအတွင်း ရုရှား တပ်မတော်က ဆင်နွဲခဲ့သော ရက်ပေါင်း ၁၄၁၈ ရက်ကို ဓာတ်ပုံပေါင်း ၁၀ သန်းကျော်ဖြင့် ပြသထားကြောင်း၊ ပင်မဘုရားရှိခိုး ကျောင်းတော်ကြီး အနီးတစ်ဝိုက်နှင့် အုတ်တံတိုင်းနံရံတို့တွင် စစ်ပွဲအတွင်းအသုံးပြုခဲ့ပြီး ပျက်စီးချို့ယွင်းခဲ့သည့် ယာဉ်ယန္တရားများ၊ အသုံးအဆောင်ပစ္စည်းများ အသုံးပြု၍ စစ်မြေပြင် ပုံစံတူများနှင့် နံရံဆေးရေးပန်းချီများကိုလည်း ထည့်သွင်းပြုလုပ်ထားကြောင်း သိရသည်။

သတင်းစဉ်